
ရန်ကုန်မှာ မူးယစ်ဆေးဝါးတွေကို ဈေးပေါပေါနဲ့ အလွယ်တကူဝယ်ယူရရှိနေပြီး ထိရောက်တဲ့ တားဆီးအရေးယူတာမရှိတာကြောင့် လူငယ်တွေရဲ့အနာဂတ်ကို မိဘတွေ စိုးရိမ်ပူပန်နေကြပါတယ်။
ရန်ကုန်မြို့ရဲ့ နာမည်ကြီး ဘားတွေနဲ့ ကလပ်တွေမှာ လူငယ်တွေ၊ အထူးသဖြင့် အသက်မပြည့်သေးတဲ့ ကလေးတွေပါမကျန် အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ သုံးစွဲနေကြတာပါ။
ဘားတွေနဲ့ ကလပ်တွေမှာ အသက်အရွယ်ကန့်သတ်ချက်မရှိသလို၊ ဝင်ကြေး ကျပ် ၂၀,၀၀၀ ၊ ၃၀,၀၀၀ လောက်ပေးရုံနဲ့ ဝင်ရောက်ပြီး မူးယစ်ဆေးဝါးတွေကိုပါ လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ရနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။၏
ရန်ကုန်မြို့က လူငယ်တယောက်က “ကလေးတွေရော၊ ဘာတွေရော အခုနောက်ပိုင်းက ဘာမှ ကန့်သတ်ချက် မရှိဘူးလေ။ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ဘာကန့်သတ်ချက်မှ မရှိဘူး။ ပြီးတော့ ဘားတွေ ကလပ်တွေကလည်း ရန်ကုန်မြို့က လွတ်လပ်ရေးရနေသလိုပဲ၊ လွှတ်ပေးထားတာ။ အခုနာမည်ကြီးနေတဲ့ နေရာတွေဆိုရင် ဝင်ကြေး ၂၀,၀၀၀၊ ၃၀,၀၀၀နဲ့ ဝင်လို့ရပြီး မူးယစ်ဆေးတွေလည်း ပေးသုံးနေတာပဲလေ။ ဖမ်းမှ မဖမ်းတာ၊ အသက်လည်း မစစ်ဘူး။ K တထုပ်ဆိုရင် ၇၀,၀၀၀ လောက်ပဲ ရှိတယ်။ အော်ကီး (E) ဆို ၅၀,၀၀၀ ၊ အဲဒါက ဟိုင်းခန်းမှာ သုံးတဲ့ဟာတွေ။ အဲဒီအောက်ကဟာကျတော့ WY တို့ ဘာတို့ ၅,၀၀၀ ၊ ၁၀,၀၀၀ တန်လေးတွေ ရှိလိမ့်မယ်၊ ကလေးတွေက အဲဒါတွေ သုံးတာ ဖြစ်လိမ့်မယ်” လို့ ပြောပါတယ်။
ဒီလို ကလပ်တွေ၊ ဘားတွေမှာသာမကဘဲ ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့နေရာတွေဖြစ်တဲ့ ရန်ကုန်ဘူတာကြီး၊ ကြည့်မြင်တိုင်၊ လှည်းတန်း၊ ကမာရွတ်နဲ့ အင်းစိန် စတဲ့ မီးရထားဘူတာရုံတွေ အနီးမှာလည်း ညပိုင်းလူပြတ်ချိန်ရောက်ရင် မူးယစ်ဆေးလာရောက်သုံးစွဲသူတွေ သိသိသာသာ များပြားလာပါတယ်။
WY လို့ခေါ်တဲ့ ရာဘ၊ ဆေးခြောက်နဲ့ ဘိန်းသုံးစွဲသူတွေဟာ ရထားလမ်းဘေးမှာပဲ အုပ်စုလိုက် ဆေးသုံးစွဲနေကြပြီး၊ အသုံးပြုပြီးသား ဆေးထိုးအပ်တွေနဲ့ အကြွင်းအကျန်တွေကို လမ်းဘေးမှာပဲ စွန့်ပစ်ထားတဲ့အတွက် လမ်းသွားလမ်းလာတွေအတွက် အန္တရာယ်ရှိနေပါတယ်။
ဒါ့အပြင် ဆေးသုံးစွဲသူတချို့ဟာ ရပ်ကွက်ထဲက အိမ်တွေနဲ့ ရပ်ထားတဲ့ကားတွေရဲ့ ဘက်မှန်တွေကို ခိုးယူတာတွေလည်း ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို အခြေအနေတွေကြောင့် ညဘက်မှာလုံခြုံရေးအတွက် ပိုမိုသတိထား နေထိုင်နေရပြီး လူငယ်တွေကြား အရက်နဲ့မူးယစ်ဆေးဝါး သုံးစွဲမှုတွေများပြားလာတဲ့အပေါ် မိဘတွေကလည်း စိုးရိမ်နေကြပါတယ်။
လုံခြုံရေးအခြေအနေအရ အမည်မဖော်လိုတဲ့ မိခင်တယောက်က “အခုခေတ်ကလေ ပျက်စီးနေတာ၊ လူငယ်တွေ ဆေးလိပ်၊ အရက်သောက်တာ မြင်ရတာများလာတယ်၊ ပြီးရင်လည်း ရန်ဖြစ်တာ၊ ပြဿနာတက်ကြတာတွေလည်းများတယ်။ မူးယစ်ဆေးနဲ့ ပတ်သက်ရင် ဒီဘက်ခေတ်မှာ မိန်းကလေး၊ ယောက်ျားလေး အကုန်လုံးကိုစိတ်ပူနေရတာ။ အသက်ငယ်ငယ်လေးနဲ့ လမ်းမှာတို့၊ ဆိုင်မှာတို့ ဆေးလိပ်တွေသောက်တာကို မြင်ရတာ တော်တော်အဆင်မပြေဘူး။ ရင်ထဲလည်း တော်တော်မကောင်းဘူး။ အဲလိုကနေ မူးယစ်ဆေး ဘက်ရောက်သွားနိုင်တယ်လေနော်။ ကိုယ့်ကလေးတွေကို တော်တော်လေးကို ဂရုစိုက်မှ ဖြစ်မယ်” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ပေါ်မှာ မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူတွေ များလာသလို၊ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ အခြေအနေတွေကြောင့် လူငယ်တွေ မူးယစ်ဆေးရဲ့ သားကောင်ဖြစ်လာမှာကို မိဘတွေက စိုးရိမ်နေကြတာပါ။
ရန်ကုန်က လူငယ်အယောက် ၂,၄၀၀ ကို လူတွေ့မေးမြန်းထားတဲ့ PACE-Myanmar ရဲ့ ရန်ကုန်လူငယ်စစ်တမ်း အချက်အလက်တွေအရ ရန်ကုန်မြို့ကလူငယ် ၂၂ ရာခိုင်နှုန်းဟာ မူးယစ်ဆေးဝါးကြောင့် လူမှုဘဝပျက်စီးဆုံးရှုံးနေရသလို အွန်လိုင်းလောင်းကစားရဲ့ ဆိုးကျိုးခံနေရသူ ၃၀ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ သိရပါတယ်။











