DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ဧကရာဇ်ပင် ဆေးဖက်ဝင်
DVB
·
December 17, 2025
နွေဦးပြည်သူတို့အတွက် ဧကရာဇ်ပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဧကရာဇ်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာကနေ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဧကရာဇ်ပင်ကို သိပ္ပံလို Millingtonia hortensis လို့ခေါ်ပြီး အင်္ဂလိပ်လို indian cork tree , tree jasmine လို့ ခေါ်ကြပါတယ်။

ဧကရာဇ်ပင်မှာ tannin, alkaloid, cyclohexylethanol, flavonoid,phenolic compound, hispidulin, dinatin, carotene hispidulin, scutellarein, hortensin, oleic acid, and isopropyl palmitate ,hydrodistillation, , solanesol, trans-farnesol, nerolidol, palmitic acid, vanillin, linalool စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဘက်တီးရီးယား ပိုးသတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ အဖျားလျော့စေခြင်း၊ သွေးတွင်းအဆီကို လျှော့ချပေးခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ သွေးတိုးကို လျော့ချပေးခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ နှလုံးကျန်းမာရေးကို စောင့်ရှောက်ပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ဧကရာဇ်ပင်ရဲ့ အပွင့်၊ အရွက်၊ အခေါက်၊ အမြစ် တို့ကို သုံးစွဲကြပါတယ်။ အပျော့စား/အလတ်စား ပန်းနာရင်ကျပ်ရောဂါများမှာ ဧကရာဇ်ပွင့်ပြုတ်ရည် အငွေ့ကို တနေ့ ၂ ကြိမ် ရှူပေးခြင်းဖြင့် သက်သာရာရစေပါတယ်။ ထိပ်ကပ်နာရောဂါမှာ ဧကရာဇ်ပွင့်ခြောက်ကို ဆေးလိပ် ပြုလုပ်ပြီး တနေ့ ၂ ကြိမ် နှာခေါင်းမှ ရှူထုတ်ခြင်း၊ ပြုလုပ်ပေးခြင်းဖြင့် သက်သာမှုရစေပါတယ်။

ခေါင်းကိုက်ခြင်းအတွက် အရွက်ကို ထုထောင်းပြီး နားထင်မှာ ကပ်ပေးခြင်း၊ အရည်ကို လိမ်းပေးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်ရမ်းခြင်းအတွက် အရွက်ကို လုထောင်းကာ အုံပေး/လိမ်းပေးနိုင်ပါတယ်။ 

အင်းဆက်ပိုးမွှား ကိုက်ခံရခြင်းများမှာ အရွက်မှုန့်ကို လိမ်းပေးနိုင်ပါတယ်။ ချောင်းဆိုးခြင်းအတွက် အခေါက်ခြောက်ကို ပြုတ်ပြီး ပြုတ်ရည် ပူပူနွေးနွေး တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ နာတာရှည် လည်ချောင်းနာခြင်းများမှာလည်း သောက်သုံးပေးနိုင်ပါတယ်။

နှာခေါင်းပိတ်ခြင်းအတွက် ဧကရာဇ်ပွင့်ခြောက် ၃ ဂရမ်ခန့်ကို ရေနွေးပူပူမှ ၅ မိနစ် ခန့် စိမ်ထားပြီး အငွေ့ကို ရှူပေးခြင်း /ရေနွေးကြမ်း သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

အရွက်မှုန့် ကော်ဖီ ၂ ဇွန်းကို ပျားရည်နဲ့ ရောစပ်ပြီး နေ့စဉ် ၁ ကြိမ် သောက်ပေးခြင်းဖြင့်  အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ 

သွေးတိုးရောဂါမှာ ဧကရာဇ်မြစ်သွေးရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဖျားနာခြင်းများမှာ အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရက်မူးလွန်ခြင်းအတွက် ဧကရာဇ်မြစ်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို  သောက်ပေးခြင်းဖြင့် အမူးလွန်ခြင်းကို သက်သာစေပါတယ်။

ဧကရာဇ်ရွက် ရေနွေးကြမ်းတခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို ကို တနေ့ ၂ ကြိမ်ခန့် သောက်သုံးပေးခြင်းဖြင့် သွေးတိုး၊ ဆီးချိုနဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်း စတဲ့ နာတာရှည်ရောဂါများကို ကာကွယ်ပေးခြင်း၊ နှလုံးကျန်းမာရေးကို စောင့်ရှောက်ပေးခြင်း အသည်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ သွေးသန့်စင်ခြင်း၊ ကင်ဆာဖြစ်နိုင်ခြေကို လျော့ပါးစေခြင်း စတဲ့ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်။

ဧကရာဇ်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ဗိုက်အောင့်ခြင်း ၊ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ရင်တုန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ 

ပန်းပွင့်နဲ့ ဓာတ်မတည့်သူများမှာ လည်ချောင်းနာခြင်း၊ အရေပြားနီမြန်းခြင်းတို့ ဖြစ်စေနိုင်တာကြောင့် ဧကရာဇ်ပွင့်နဲ့ ဓာတ်မတည့်သူများ ဧကရာဇ်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ ဧကရာဇ်ပင်သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ 

နွေဦးပြည်သူများ ဧကရာဇ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသား ဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013