DVB Logo
Home
မြန်မာသတင်း
မြန်မာအစိုးရရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကို ပြန်ထုတ်ခွင့်ရရေး CRPH ဥက္ကဋ္ဌ မေတ္တာရပ်ခံ 
DVB
·
December 17, 2025
မြန်မာအစိုးရရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကို ပြန်ထုတ်ခွင့်ရရေး CRPH ဥက္ကဋ္ဌ မေတ္တာရပ်ခံ 
Donate to DVB

မြန်မာအစိုးရရန်ပုံငွေဒေါ်လာ ၁ ဘီလီယံကို ပြန်ထုတ်ခွင့်ရရေး ကွန်ဂရက်တာဝန်ရှိသူတွေက အမေရိကန်အစိုးရကို တိုက်တွန်းပေးဖို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က မေတ္တာရပ်ခံလိုက်ပါတယ်။ 

စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲကို အမေရိကန်အစိုးရက တရားဝင်ကန့်ကွက်ရှုတ်ချရေး၊ မြန်မာ့အရေးနဲ့ဆက်စပ်နေတဲ့ ဥပဒေတွေကို အမြန်အတည်ပြုပေးရေးနဲ့ မြန်မာအစိုးရရဲ့ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကို တော်လှန်ရေးအင်အားစုတွေက ပြန်ထုတ်ယူခွင့်ရရေး အချက်တွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အမေရိကန် လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းတောင်းဆိုခဲ့တာပါ။ 

ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ၊ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒ (စိန်ခေါ်မှုနဲ့အခွင့်အလမ်းများ) ရှင်းလင်းပွဲမှာ အခုလို တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က “ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံနဲ့ ရခွင့်ရှိတဲ့ အတိုးတွေကို ကျနော်တို့ဆီ ပြန်ထုတ်ယူခွင့်ရအောင် ကွန်ဂရက်တာဝန်ရှိသူတွေက အစိုးရကို တိုက်တွန်းပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဒီရန်ပုံငွေတွေကို ၂၀၂၁ ခုနှစ်ကတည်းက နယူးယောက်မှာရှိတဲ့ ဖက်ဒရယ်ဘဏ်က ထုတ်ယူခွင့် ဆိုင်းငံ့ထားတာပါ။ အဲဒီရန်ပုံငွေနဲ့ အတိုးရငွေတွေဟာ ကျနော်တို့ရဲ့ စစ်အာဏာရှင် အဆုံးသတ်ရေးအတွက် လုပ်နိုင်စွမ်းကို အလျင်အမြန် အားကောင်းလာစေမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

NLD အစိုးရလက်ထက်က ပြည်သူပိုင်ငွေကြေးဖြစ်တဲ့ ဒေါ်လာ ၁ ဘီလီယံကို အစိုးရရန်ပုံငွေ သို့မဟုတ် နိုင်ငံခြားအရန်ငွေအဖြစ် အမေရိကန်ဗဟိုဘဏ်ဖြစ်တဲ့ ဖက်ဒရယ်ဘဏ်မှာ အပ်နှံခဲ့တာပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အမည်နဲ့ ပြန်လည်ထုတ်ယူဖို့ စစ်ကောင်စီက ကြိုးစားချိန်မှာ အမေရိကန်ဘဏ်ဘက်က စတင်ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ 

အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲကို Burmese Research Institute က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး မူလက ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ၊ ကလေးသူငယ်၊ အမျိုးသမီးတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေပါ မချန် စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်၊ ဖမ်းဆီး သတ်ဖြတ်နေတာတွေကို အမေရိကန်လွှတ်တော်ကို အချက်အလက်တွေ ပေးပို့ရာကနေ Burmese Research Institute ဟာ လုပ်ငန်းစတင်ခဲ့တာ ဖြစ်ပါတယ်။ 

Burmese Research Institute တည်ထောင်သူ ဇိုသုန်းမှုန်က “အောက်လွှတ်တော်က House၊ အထက်လွှတ်တော်က Senate၊ နှစ်ခုစလုံး အားရစရာကောင်းတယ်၊ ဝမ်းသာတယ်။ ပိုပြီးတော့ အားရစရာကောင်းတာက သူတို့မှာ ဒီမိုကရက်ရယ်လို့ မဟုတ်ဘူး၊ ရီပါဘလစ်ကန်ရယ်လို့ မရှိဘူး၊ Bipartisan နှစ်ပါတီစလုံး သူတို့စည်းစည်းလုံးလုံးနဲ့ပဲ မြန်မာပြည်အရေးမှာ၊ ဥပမာ ရွေးကောက်ပွဲဟာ ဆိုရင် ဒီရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ၊ သမ္မတထရမ့်ပ်ကနေ ဒီအတုအယောင် ရွေးကောက်ပွဲကို ရှုတ်ချသင့်တယ်၊ Condemn လုပ်သင့်တယ်ဆိုတာကို သူတို့က ကြေညာချက် ထုတ်ပြီးပါပြီ”  လို့ ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်မှာ ကျားဖြန့်လုပ်ငန်းအားပေးနေတဲ့ နိုင်ငံတွေစာရင်းကို အမေရိကန်အစိုးရက ထုတ်ပြန်ဖို့ တိုက်တွန်းထားတဲ့အချက် ပါဝင်တဲ့ ကျားဖြန့်စခန်းများအတွက် တာဝန်ခံမှုရှိစေရေးနဲ့ စုပေါင်းလှုပ်ရှားမှုအက်ဥပဒေ မူကြမ်း၊ ဒီဇင်ဘာ ၃ ရက်မှာ နိုင်ငံခြားငွေလိမ်ဂိုဏ်းများ ဖြိုခွင်းရေးအက်ဥပဒေ၊ ဒီဇင်ဘာ ၂ ရက်နေ့မှာ စစ်ကောင်စီကို ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက အဆက်အဆံမလုပ်ဖို့ ဖိအားပေးတဲ့ ဥပဒေကြမ်း No New Burma Funds Act တို့ကို အမေရိကန်လွှတ်တော်တွေမှာ ဆွေးနွေးအတည်ပြုတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်အစိုးရက ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ Scam Center Strike Force ကို ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာခဲ့ပြီး ကျားဖြန့်နှိမ်နင်းရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ၊ လွှတ်တော်နဲ့ အဓိကပါတီ ၂ ခုစလုံးက သဘောထား တိုက်ဆိုင်နေတာ တွေ့ရပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013