DVB Logo
Home
Lead Story
အမေရိကန်ဘဏ်၌ အပ်ထားသည့် ဒေါ်လာ ၁ ဘီလီယံ တော်လှန်ရေးအဖွဲ့ဆီ လွှဲပေးနိုင်ခြေရှိလား 
သုတချမ်းသာ
·
May 14, 2026
ဇန်နဝါရီ ၂၉ ရက်၊ ဆီးနိတ်လွှတ်တော်ရုံးခန်းမမှာ ပြုလုပ်ခဲ့တဲ့ Burma Research Institute(BRI) ရဲ့ အစီအရင်ခံစာ ထုတ်ပြန်ပွဲ။ (Photo : သုတချမ်းသာ)
ဇန်နဝါရီ ၂၉ ရက်၊ ဆီးနိတ်လွှတ်တော်ရုံးခန်းမမှာ ပြုလုပ်ခဲ့တဲ့ Burma Research Institute(BRI) ရဲ့ အစီအရင်ခံစာ ထုတ်ပြန်ပွဲ။ (Photo : သုတချမ်းသာ)
Donate to DVB

အမေရိကန်ဗဟိုဘဏ်မှာ အပ်နှံထားတဲ့ NLD အစိုးရလက်ထက်က ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကို တော်လှန်ရေးအစုအဖွဲ့တွေဆီပြန်လွှဲပြောင်းပေးဖို့အပါအဝင် Burma Reserch Institute ရဲ့ တိုက်တွန်းချက်တွေကို သုံးသပ်မယ်လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက အသိပေးပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ဒီဇင်ဘာလအထိ မြန်မာပြည်က ခရစ်ယာန်တွေအပေါ် ကျူးလွန်တဲ့ စစ်ကောင်စီရဲ့ ရာဇဝတ်မှုအစီအရင်ခံစာကို ဒီနှစ် ဇန်နဝါရီ ၂၉ ရက်က ဆီးနိတ်လွှတ်တော်ရုံးခန်းမမှာ Burma Research Institute (BRI) က ထုတ်ပြန်ခဲ့တာပါ။

ခရစ်ယာန်ဘာသာဝင်တွေကို မြန်မာစစ်တပ်က အကြမ်းဖက် သတ်ဖြတ်နေတာကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေအဖြစ် အမေရိကန်အစိုးရက သတ်မှတ်ပေးဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖမ်းဆီးခံ ခရစ်ယာန်ဘာသာရေးဆရာတွေကို ပြန်လွှတ်ပေးဖို့၊ အမေရိကန်ဗဟိုဘဏ် Federal Reserve Bank of New York မှာရှိတဲ့ ဒေါ်လာ ၁ ဘီလီယံကို ပြန်ထုတ်ခွင့်ပေးဖို့ စတဲ့အချက်တွေ အပါအဝင် တိုက်တွန်းချက် ၁၀ ခုကို BRI က အစီအရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

မတ် ၂၃ ရက်မှာ BRI ကနေတဆင့် American Baptist Churches USA နဲ့ အဖွဲ့အစည်းပေါင်း ၄၇ ခုက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုဆီကို အဲဒီတိုက်တွန်းချက် ၁၀ ခုပါဝင်တဲ့ အိတ်ဖွင့်ပေးစာတစောင် ထပ်မံပေးပို့ခဲ့ကြပြီး မေ ၆ ရက်မှာ ဒီအချက်တွေကို ပြန်သုံးသပ်မယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဂျော့ချ် ဒီဆောင်းဘရေးက အသိပေးတုံ့ပြန်ခဲ့ပါတယ်။

BRI တည်ထောင်သူ ဇိုသုန်းမှုန်က  “လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ဘယ်လို ပြောသလဲ ဆိုတော့ အဲဒီ ၁၀ ချက်ကို ကောင်းကောင်းလေး သူတို့ကြည့်ပြီးတော့ သုံးသပ်မယ်တဲ့။ သူတို့အနေနဲ့ ပေးမလား၊ မပေးဘူးလားဆိုတဲ့ အဆင့်မဟုတ်သေးဘူး။ နောက်မှ တုံ့ပြန်မှုလုပ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကိုယ်စား အဲဒီလို ကျနော်တို့ကို တုံ့ပြန်တဲ့ဟာတော့ ဝမ်းသာတယ်။ ဒါပေမဲ့ ကျနော် ပြောချင်တဲ့ဟာက အဓိက အဲဒီ US ဒေါ်လာ ၁ ဘီလီယံတခုတည်းကို တောင်းဆိုတာမဟုတ်ဘူး။ ကျနော်တို့ တောင်းဆိုတဲ့ဟာက အချက် ၁၀ ချက်ရှိတယ်၊ အဲဒီထဲမှာ US ဒေါ်လာ ၁ ဘီလီယံ အဲဒါပါတယ်။ ကျနော်တို့ Burma Research Institute ကနေ ပို့တယ်၊ ဒါပေမဲ့ လက်မှတ်ထိုးတဲ့ အဖွဲ့က အခု American Baptist Churches (USA) ဒီ နှစ်ချင်း အသင်းတော်ဌာနချုပ်ကြီး ပါတယ်၊ တကမ္ဘာလုံးက နှစ်ချင်းမဟာမိတ်တွေလည်း လက်မှတ်ထိုးတယ်”လို့ ပြောပါတယ်။

NLD အစိုးရလက်ထက်က ပြည်သူပိုင်ငွေကြေးဖြစ်တဲ့ ဒေါ်လာ ၁ ဘီလီယံကို အစိုးရရန်ပုံငွေ (ဒါမှမဟုတ်) နိုင်ငံခြားအရန်ငွေအဖြစ် အမေရိကန်ဗဟိုဘဏ်မှာ အပ်နှံခဲ့တာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမည်နဲ့ ပြန်လည်ထုတ်ယူဖို့ စစ်ကောင်စီက ကြိုးစားခဲ့တဲ့အတွက် သမ္မတဟောင်းဂျိုးဘိုင်ဒင်က EO 14014 အမိန့်နဲ့ ထုတ်ယူလို့မရအောင် ပိတ်ဆို့တားဆီးခဲ့ပါတယ်။

လတ်တလောမှာ ရန်ပုံငွေတွေကို ပြန်ထုတ်ယူနိုင်ဖို့ သမ္မတဟောင်းဂျိုးဘိုင်ဒင်ရဲ့ အမိန့်ကို ပယ်ဖျက်ပြီး တော်လှန်ရေးအစုအဖွဲ့တွေကို ထုတ်ယူခွင့်ပြုမဲ့ သမ္မတထရမ့်ပ်ရဲ့ အမိန့်စာက အဓိကအရေးပါနေတာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “ဥပဒေရေးရာနဲ့ စည်းမျဉ်းစည်ကမ်း မူဘောင်တွေနဲ့ ပတ်သက်ပြီးတော့မှ Executive Order နဲ့ သမ္မတအမိန့် လိုအပ်တယ်၊ ပြီးလို့ရှိရင် လွှတ်တော်ရဲ့ ခွင့်ပြုချက်တွေရဖို့အတွက် Congressional Authorizations တွေ လိုအပ်တယ်၊ နောက် NUG ကိုသွားမယ်ဆိုရင် NUG ရဲ့ တရားဝင်ရပ်တည်မှု အဲဒီအပေါ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့ခြင်းဆိုင်ရာဥပဒေတွေ ငြိစွန်းမှုမရှိစေဖို့ NUG ဆီကို ငွေတွေကို လွှဲလို့ရှိရင် တရားဝင်မှုတွေ သေချာဖို့ အဲဒီလို စိစစ်ဆုံးဖြတ်ရတာတွေ အများကြီးရှိတယ်ပေါ့နော်”လို့ ပြောပါတယ်။

တကယ်လို့ သမ္မတထရမ့်ပ်ရဲ့ ခွင့်ပြုမိန့်ရလာရင်တောင် တော်လှန်ရေးအစုအဖွဲ့တွေက ငွေကြေးကို လက်ခံရယူဖို့ ဘဏ်လုပ်ငန်းနည်းပညာပိုင်းတွေအရ လွှဲပြောင်းတဲ့လုပ်ငန်းစဉ်တွေမှာ Traesury Department အစိုးရဘဏ္ဍာရေးဌာနတွေရဲ့ စိစစ်အတည်ပြုထောက်ခံမှုတွေ ရဖို့လိုအပ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုတွေကိုထိန်းချုပ်ရေးဌာန OFAC ရဲ့ ရန်ပုံငွေလွှဲပြောင်းမှုတွေကို ပိတ်ဆို့အရေးယူမှုတွေကနေ ကင်းလွတ်ခွင့်တွေ ရဖို့လည်း လိုအပ်ပါတယ်။

Federal Reserve Bank of New York ရဲ့ တင်းကျပ်တဲ့ KYC စစ်ဆေးမှုကိုလည်း ခံယူရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှုတွေကို တားဆီးရေးဆိုင်ရာ စနစ်တွေ အမှန်တကယ်ရှိရဲ့လား ဆိုတဲ့အချက်ကိုလည်း စိစစ်မှာဖြစ်ပါတယ်။

နောက်တချက်အနေနဲ့ End Use Monitoring (EUM) အသက်သေစေနိုင်တဲ့ လက်နက်မဟုတ်တဲ့ အရာတွေအတွက် ငွေကြေးကို အမှန်တကယ် သုံးစွဲတာဟုတ်ရဲ့လား ဆိုတာကိုလည်း စောင့်ကြည့်စစ်ဆေးမှာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဒါမှမဟုတ် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူထားတဲ့ အဖွဲ့အစည်းတွေလက်ထဲကို မရောက်ဖို့ စတဲ့ တင်းကျပ်တဲ့ စောင့်ကြည့်စစ်ဆေးတဲ့ လုပ်ငန်းယန္တရားတွေကိုလည်း Federal Reserve Bank of New York က ဆောင်ရွက်မှာဖြစ်ပါတယ်။ 

သုတချမ်းသာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013