
တန်ဇန်းနီးယားနိုင်ငံမှာ အောက်တိုဘာ ၅ ရက်ကနေ ၉ ရက်အထိ ကျင်းပတဲ့ ၁၅၃ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အထွေထွေညီလာခံကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။
ညီလာခံအတွင်း IPU အမှုဆောင်ကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်ထားရှိဖို့နဲ့ စစ်အာဏာရှင်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအရေး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။
ဒေါ်ဇင်မာအောင်ကတော့ အထွေထွေဆွေးနွေးပွဲနဲ့ ရာသီဥတုဆိုင်ရာပွဲတွေမှာ မိန့်ခွန်းပြောကြားခဲ့သလို IPU ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်ခံရတဲ့ သြစတြေးလျ အောက်လွှတ်တော်ဥက္ကဋ္ဌ မေးလ်တွန်ဒစ်ခ်ကိုလည်း ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရရှိဖို့အတွက် တက်ရောက်လာတဲ့ နိုင်ငံတကာ ကိုယ်စားလှယ်တွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ CRPH က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး စစ်အာဏာရှင် ဩဇာခံ လွှတ်တော်တွေ ကျင်းပနေပေမဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က အသိအမှတ်မပြုဘဲ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ကိုသာ ဆက်လက်အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။
Photo: CRPH











