DVB Logo
Home
Lead Story
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်း
DVB
·
March 31, 2026
Photo: NUG
Photo: NUG
Donate to DVB

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်ရည်ရွယ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို တိုင်းရင်းသား လက်နက်အဖွဲ့တွေအပါအဝင် မဏ္ဍိုင် ၃ ရပ်နဲ့ဖွဲ့စည်းတဲ့အကြောင်း မတ် ၃၀ ရက်မှာ ကြေညာပါတယ်။

လက်ရှိဆင်နွှဲနေတဲ့ တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံး အောင်ပွဲရယူနိုင်ဖို့၊ လက်ရှိတော်လှန်ရေးကို တဆင့်တက်ပြီး အသွင်ကူးပြောင်းမှုကာလ အစီအမံတွေကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်စေဖို့တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်းဦးဆောင် လမ်းညွှန် အကောင်အထည်ဖော်ဆောင်နိုင်ဖို့  ဖွဲ့စည်းတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဦးဆောင်ကောင်စီမှာ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြု မဏ္ဍိုင် နဲ့ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များ မဏ္ဍိုင်တို့ကို အခြေခံပြီး ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ဒါဟာ နွေဦးတော်လှန်ရေးသမိုင်းရဲ့ ထူးခြားတဲ့စည်းလုံးညီညွတ်မှု  အရွေ့တခုကို စတင်လိုက်တာ ဖြစ်တယ်လို့   အမျိုသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက  ပြောပါတယ်။

“ကျနော်တို့ စုစည်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီဟာ တော်လှန်ရေးအရ ပြတ်ပြတ်သားသားဖြစ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ရမယ်လို့ ခံယူပါတယ်။ ဒါ့အပြင် စစ်ရေးအရ ကျစ်လျစ်သော မဟာမိတ် အင်အားစုကို အခြေခံပြီး စနစ်ကျလှတဲ့ ဖက်ဒရယ်တပ်မတော်ဆီကို ဦးတည်နေကြောင်း ပြောလိုပါတယ်။ ကျနော်တို့ အနေနဲ့ မဟာမိတ် စစ်ရေးအင်အားစု အချင်းချင်းအကြား အပြန်အလှန်ယုံကြည်မှု အပေါ်မှာ အခိုင်အမာတည်ဆောက်ထားပါတယ်။ ဒါတွေအားလုံးဟာ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ်အတွက် အလိုအပ်ဆုံးသာ ပြည်နယ်ဒေသအားလုံး လွတ်မြောက်ရေးကို ဦးတည်တာဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့  ယှဉ်သောလူထုတော်လှန်ရေး နည်းနာတွေကို ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစပ်ဖို့ ခြေလှမ်းသစ် စတင်လိုက်တာ ဖြစ်တယ်။”

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ခိုင်မာကောင်းမွန်စွာ တည်ဆောက်ရေး ရည်မှန်းချက်တွေ အမြန်ဆုံး အောင်မြင်နိုင်စေဖို့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးရဲ့ စစ်ရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို တရားဝင်မှု၊ ညီညွတ်မှုနဲ့ တာဝန်ယူ၊တာဝန်ခံမှုရှိတဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ အကောင်အထည် ဖော်ဆောင်ရွက်သွားမယ်လို့ လည်းဆိုပါတယ်။

စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အပြီးတိုင် အဆုံးသတ်ဖို့၊ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့  စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းဖို့၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ဖို့နဲ့ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရန်ဖို့ ရည်မှန်းလုပ်ဆောင်မယ်လို့လည်း ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။      

ဦးဆောင်ကောင်စီဖွဲ့အစည်းတဲ့ အခမ်းအနားသို့ မနေ့က အွန်လိုင်းကနေ ကျင်းပခဲ့တာမှာ  ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော်နဲ့ ဗဟိုကော်မတီဝင်တွေ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တွေ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်နဲ့အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)  ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ အဖွဲ့ဝင်တွေ၊ ရေးရာကော်မတီ ဥက္ကဋ္ဌတွေနဲ့ အတွင်းရေးမှူးတွေ၊ အမျိုသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ အစိုးရအဖွဲ့ဝင်တွေ တော်လှန်ရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။                                  

 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013