DVB Logo
Home
Lead Story
မြန်မာပြည်သူများကို ဆက်လက်ပံ့ပိုးကူညီပေးရန် ကုလသမဂ္ဂဖိုရမ်၌ CRPH တိုက်တွန်း 
DVB
·
July 17, 2026
Photo: CRPH
Photo: CRPH
Donate to DVB

မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ကြံ့ခိုင်တဲ့ ရေရှည်တည်တံ့တဲ့ အသိုက်အဝန်းတွေ တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်သူတွေကို ဆက်လက်ပံ့ပိုးကူညီပေးဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က  တိုက်တွန်းလိုက်ပါတယ်။

ဇူလိုင် ၁၄ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်မှာ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြုလုပ်တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆိုင်ရာ အဆင့်မြင့်နိုင်ငံရေးဖိုရမ် (၂၀၂၆) ကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးရာမှာ တိုက်တွန်းသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၁၁) ကို ဆိုးဆိုးရွားရွား ထိခိုက်နေပြီး လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာနေရ‌ကြောင်း၊ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ကျန်းမာရေးအဆောက်အအုံတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေ ဖျက်ဆီးခံနေရကြောင်း၊ ဒီလိုရင်ဆိုင်နေရပေမဲ့ မြန်မာပြည်သူတွေဟာ ခိုင်မာတဲ့ ကြံ့ခိုင်မှုကို ပြသနေဆဲဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံ အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်နိုင်ဖို့ အတူတကွ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကနေတဆင့်  သက်ဆိုင်သူတွေအနေနဲ့ လူ့အခွင့်အရေး၊ တန်းတူညီမျှရေးနဲ့ အားလုံးပါဝင်တဲ့ အုပ်ချုပ်မှုကို အခြေခံတဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်တွေ ချမှတ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့လည်း CRPH ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းလည်း ပါဝင်ဆွေးနွေးခဲ့ပြီး ၂၀၂၁ ခုနှစ်မတိုင်မီက မြန်မာလွှတ်တော်ဟာ ဥပဒေပြုရေး၊ ဘတ်ဂျက်စိစစ်ကြီးကြပ်ရေးနဲ့ ပြည်သူ့ထံ တာဝန်ခံမှုရှိစေရေးတို့ကနေ တဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) ကို အကောင်အထည်ဖော်ရာမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် ဒီအဖွဲ့အစည်းအဆောက်အအုံတွေ ရုတ်တရက် ပြိုပျက်သွားခဲ့ရပြီး နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ တိုးတက်မှုတွေ နောက်ပြန်ဆုတ်သွားခဲ့ရတယ်လို့ ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေဟာ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ရဲ့ အတွင်းရေးမှူးချုပ်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဒေါ်ဖြူဖြူလွင်၊ ဒေါ်မြမျိုးအေးနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ CRPH ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က လွှတ်တော်နဲ့ အစိုးရအဖွဲ့သစ် ဖွဲ့ထားပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက အသိအမှတ်မပြုဘဲ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေအဖြစ် ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ NLD အစိုးရကိုသာ ဆက်လက်အသိအမှတ်ပြု လက်ခံထားပါတယ်။

အလားတူ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) ကလည်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ကိုသာ တရားဝင် ဆွေးနွေးဘက်အဖြစ် အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013