
နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံက မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို IPU ရဲ့ ဆွေးနွေးဘက်လွှတ်တော်အဖြစ် အသိအမှတ် ပြုထားမှုကို ကန့်ကွက်သူမရှိ ဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ဧပြီ ၁၅ ရက်ကနေ ၁၉ ရက်အထိ ကျင်းပတဲ့ ၁၅၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံကနေ ဆုံးဖြတ်လိုက်တာလို့ CRPH က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ညီလာခံ ပဉ္စမနေ့ဖြစ်တဲ့ ဧပြီ ၁၉ ရက်မှာ ကမ္ဘာတဝန်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာ တင်သွင်းအတည်ပြုရာမှာ မြန်မာစစ်အာဏာရှင်ရဲ့ မတရားဖမ်းဆီး ခြိမ်းခြောက် အန္တရာယ်ပြုတာခံနေရတဲ့ မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၇၉ ယောက်တို့ရဲ့ အမှုကိစ္စတွေလည်း ပါဝင်သလို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူပေါင်း ၇,၉၇၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့ကြောင်းလည်း ထည့်သွင်းဖော်ပြထားတယ်လို့ သိရပါတယ်။
ဒီညီလာခံမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ တီမောလက်စ်တေနိုင်ငံ၊ အီတလီနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်း သီးခြားစီတွေ့ဆုံပြီး မြန်မာ့အရေး အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ကာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း CRPH က ထုတ်ပြန်ထားပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် NUG နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်ဇင်မာအောင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယူကေနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုနဲ့ တခြားတယောက်တို့က အကြံပေးတွေအဖြစ် တက်ရောက်ခဲ့ပါတယ်။
စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော် ကျင်းပနေချိန်မှာ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုပဲ ဆက်လက် အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပိုပြီး တရားဝင်မှုရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့အချိန်နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို လွှတ်တော်အဖွဲ့အစည်းတွေက ပြည့်ပြည့်ဝဝ ကိုယ်စားပြုနိုင်တဲ့အချိန်အထိ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဆက်လက်ထိတွေ့ဆက်ဆံသွားဖို့ အမှုဆောင်ကော်မတီရဲ့ အကြံပြုချက်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
IPU အထွေထွေအတွင်းရေးမှူးချုပ်က “မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်စဉ် ရှိခဲ့ပါကြောင်း၊ ၂၀၂၀ ခုနှစ်မှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတွေကို ဖျက်သိမ်းခဲ့ခြင်းကြောင့် အခြေအနေတွေ ပြောင်းလဲသွားခဲ့ရကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ထိုအချိန်ကတည်းက IPU အနေဖြင့် မြန်မာပြည်သူတို့ရဲ့ ကိုယ်စားပြုကော်မတီနဲ့သာ ထိတွေ့ဆက်ဆံသွားဖို့ ဆုံးဖြတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ယခုနှစ်အစောပိုင်းကာလမှာ ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊ ဒါပေမဲ့ ဒီရွေးကောက်ပွဲတွေကို အိမ်နီးချင်း အာဆီယံကပင် အသိအမှတ်မပြုထားပါကြောင်း” ဆုံးဖြတ်ချက်ချမှတ်နိုင်ရေး တင်ပြရာမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းက CRPH ကို အခုလို အသိအမှတ်ပြုမှုဟာ မြန်မာပြည်သူတွေအပေါ် ဆက်လက်ဖိနှိပ် အုပ်ချုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲကတဆင့် အတုအယောင်လွှတ်တော် ဖန်တီးပြီး တရားမဝင် စစ်အုပ်ချုပ်ရေးကို တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေမှုကို တားဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ညီလာခံအစည်းအဝေးတွေ၊ အရေးကြီးအဆိုဆိုင်ရာ ဆွေးနွေးပွဲတွေ၊ General Debate အစီအစဉ်နဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့မှာ ပါဝင်တက်ရောက်ခဲ့ပြီး အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဒီလိုပြောကြားရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံစားနေရတဲ့ မြန်မာပြည်တွေရဲ့ အခြေအနေတွေကို မီးမောင်းထိုးပြခဲ့ပြီး အာဏာသိမ်းစစ်တပ်နဲ့ လက်ဝေခံလွှတ်တော်ရဲ့ တရားဝင်မှုရရှိနိုင်ရေး ကြိုးပမ်းမှုကို ငြင်းပယ်ပေးဖို့၊ CRPH ကို ဆက်လက်အသိအမှတ်ပြုဖို့နဲ့ အရပ်သားပြည်သူများအပေါ်၌ စစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း တောင်းဆိုတိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။










