
စစ်တပ်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒရှင်ပြည်သူတွေကို ဆန်၊ ဆီ အပါအဝင် စားသောက်ဖွယ်ရာတွေ မက်လုံးပေးပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ မဲဆန္ဒရှင်ပြည်သူတွေက ကြံ့ခိုင်ရေးပါတီ မဲဆွယ်လာမယ်ဆိုရင် လာတဲ့သူမရှိလို့ မက်လုံးပေးပြီး စည်းရုံးမဲဆွယ်နေတာလို့ ဆိုကြပါတယ်။
တောင်ဒဂုံမှာနေတဲ့ ဒေသခံက “အုပ်ကြီးတွေက ဆင်းရဲသားရပ်ကွက်တွေဆိုရင် နိုင်ထက်စီးနင်း လာကိုလာရမယ်ဆိုတာမျိုး ပြောတာလည်း ရှိတယ်။ တအိမ်ကို တယောက် လာရမယ်ပေါ့။ ပြီးတော့ တချို့ အုပ်ကြီးတွေကကျတော့ ဆန်၊ ဆီ၊ ကြက်ဥ စတာတွေပေးမှာ ဖြစ်လို့ လာကြပါဆိုတော့ လူတွေက စားဝတ်နေရေး မပြလည်ဘူးလေ။ ဒါကြောင့် လာကြတယ်”လို့ DVB ကို ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီဝင်တွေအနေနဲ့ လက်ဆောင်တွေပေးတာ မလုပ်ဖို့ ပါတီခေါင်းဆောင် ဦးခင်ရီက ညွှန်ကြားထားတာရှိတယ်လို့ သိရပါတယ်။
ကြံ့ခိုင်ရေးပါတီဝင်တယောက် “ကျနော်တို့ကိုစာထုတ်ထားပါတယ်။ လက်ဆောင်ပေးပြီး မဲဆွယ်တာ မလုပ်နဲ့လို့။ ဒါပေမဲ့ လက်ဆောင်မပေးရင် လာမဲ့သူက မရှိဘူး။ ဒါကြောင့် ကျနော်တို့က လက်ဆောင်ကို ပေးတာပါ။ ဆန် တပြည်၊ ကြက်ဥ ၁၀ လုံး၊ ဆီ တလီတာ စသဖြင့် ပေးပါတယ်”လို့ ပြောပါတယ်။
လာမဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်တဲ့ ပါတီတွေထဲမှာ ကြံ့ခိုင်ရေးပါတီ တပါတီတည်းကသာ အားတက်သရော လုပ်နေတာကို မြင်ရပြီး ကျန်တဲ့ ပါတီတွေ၊ တသီးပုဂ္ဂလတွေကတော့ မဲဆွယ်တာ မဖြစ်စလောက် အနေအထား ရှိတယ်လို့ ရန်ကုန် ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။










