
ရုရှားနိုင်ငံ၊ ယီးကွတ်စ်မြို့မှာ ဒီဇင်ဘာ ၁၅ ရက်က အပူချိန်တိုင်း ပြဒါးတိုင်မှာ အနုတ် ၄၅ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားတာကို ပြနေပေမဲ့ ဒေသခံတချို့က တနင်္လာနေ့ အပူချိန်ဟာ အရင်က မှတ်တမ်းတင်ထားတဲ့ အနိမ့်ဆုံးအပူချိန်တွေနဲ့ နှိုင်းယှဉ်ရင် အအေးဒဏ် အတော်လေး ပေါ့ပါးတယ်လို့ ယူဆကြပါတယ်။
လူဦးရေ ၃ သိန်းလောက်ရှိတဲ့ ဒီမြို့ဟာရုရှားနိုင်ငံ အရှေ့ပိုင်း ဆိုက်ဘေးရီးယားဒေသထဲက ဆာခါသမ္မတနိုင်ငံရဲ့ မြို့တော် ဖြစ်ပါတယ်။
ဒီမြို့ကို ကမ္ဘာ့အအေးဆုံးမြို့ကြီးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆကြပါတယ်။ တနင်္လာနေ့ က ရုရှားဒေသမှာ အအေးဆုံးအပူချိန်စံချိန်တင်ခဲ့တဲ့ ယီးကို့ရှားလို့လည်း သိကြတဲ့ ဒီမြို့ရဲ့ တာတင်စကီ အူလပ်စ်ခရိုင်ဟာ အရင်က ရေခဲမှတ်အောက် အနုတ် ၅၂ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ဖူးပါတယ်။
ယီးကွတ်စ်မြို့က လယ်သမားဈေးမှာ ရေခဲရိုက်ထားတဲ့ ငါးတွေကို ရောင်းချသူ မိုထရိုနာ စတားရော့စတီနာက ရေခဲမှတ်အောက် အနုတ် ၅၅ ဒီဂရီစင်တီ ဂရိတ် အပူချိန်ကို ပြန်အမှတ်ရနေပါတယ်။
အလွန်အမင်းအေးခဲမှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနိုင်ခဲ့သလဲဆိုတာကို မေးရာမှာ သင့်လျော်အောင် ဝတ်စားဆင်ယင်ဖို့ လိုတယ်၊ အပြင်ထွက်တဲ့အခါ ပူပူနွေးနွေးလက်ဖက်ရည်ကို မှန်မှန်သောက်ပါလို့ ဒေသခံက ပြောပါတယ်။
နောက်ထပ် ဒေသခံတယောက်ကလည်း “ရာသီဥတုဆိုးရွားတာ မရှိပါဘူး။ အဝတ်အစား ညံ့တာပဲ ရှိပါတယ်။ နွေးနွေးထွေးထွေး ဝတ်စားဆင်ယင်ပြီး အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်”လို့ ပြောပါတယ်။
မြို့အရာရှိတွေက တနင်္လာနေ့မှာ အလွန်အမင်းအေးတဲ့ ရာသီဥတုကို ကျော်လွှားနိုင်ဖို့ ကျောင်းတွေ ကို အွန်လိုင်းသင်တန်းတွေအဖြစ် ပြောင်းလဲခဲ့တယ်လို့ ပြောပါတယ်။
အေးခဲနေတဲ့ အပူချိန်တွေအောက်မှာ မြို့နဲ့ ဒေသတဝန်းက ပြည်သူတွေအတွက် ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးရော စီးပွားရေးလုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေပါ ပုံမှန်အလုပ်ချိန်တွေအတိုင်း လည်ပတ်နေပါတယ်။
Source: Reuters










