DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်၌ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅ ဦး ရှိလာ
DVB
·
December 17, 2025
ဝက်လက်မြို့နယ်၌ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅ ဦး ရှိလာ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုကျေးရွာအနီးက သန်းကုန်းတောတိုက်ကို ဒီဇင်ဘာ ၁၃ ရက်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရရှိသူ တယောက် ဆေးကုသနေရင်း ထပ်မံသေဆုံးတဲ့အတွက် သေဆုံးသူ ၅ ယောက်အထိရှိလာပြီလို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက “လေကြောင်းတိုက်ခိုက်ခံရမှုအတွင်းမှာ ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီး တယောက်ဟာ ဆေးကုသနေရင်း နောက်တရက်မှာ ထပ်မံသေဆုံးသွားလို့ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဥ်အတွင်းမှာ သေဆုံးသူ ၅ ယောက်အထိ ရှိလာပြီ” လို့ ပြောပါတယ်။

ဆေးကုသနေရင်း ဒီဇင်ဘာ ၁၅ ရက်မှာ ထပ်မံသေဆုံးသွားသူဟာ အသက် ၄၀ အရွယ် ဒေါ်နှင်းမြ ဖြစ်ပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက် ည ၉ နာရီခွဲဝန်းကျင်က ​ဝက်လက်မြို့နယ် အ‌ရှေ့မြောက်ဘက်ခြမ်း ၁၅ မိုင်လောက်ဝေးတဲ့ ထုံးဘိုကျေးရွာအနီးက တောတိုက်ထဲကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၄ နှစ်အရွယ် မအေးမြတ်သူဇာ အပါအဝင် အသက် ၇၀ အရွယ် ဦးခင်မောင်လွင်၊ အသက် ၃၅ နှစ်အရွယ် မသူဇာနွယ်နဲ့ အသက် ၂၆ နှစ်အရွယ် ကိုတွတ်ပီ တို့ နေရာမှာတင်သေဆုံးခဲ့ကြသလို ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်လောက် ရှိခဲ့ပါတယ်။

စစ်တပ် ထောက်ခံ​သူတွေကတော့ အဆိုပါ ထုံးဘိုကျေးရွာအနီးက PDF စခန်းကို လေယာဥ်နဲ့ ဗုံးကြဲ ရှင်းလင်းခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖော်ပြနေပါတယ်။

ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံက “ထုံးဘိုရွာရဲ့တောင်ဘက်နားမှာ တောင်သူတွေက လယ်ယာလုပ်ငန်း လုပ်ကိုင်ကြရင်း သူတို့ လယ်ယာမြေတွေနဲ့နီးအောင် မြေလွတ်တဲ့နေရာမှာ လူရော နွားတွေရော စိုက်ပျိုးရေးကာလထဲမှာ နေထိုင်ကြဖို့ ဆောက်ထားတဲ့ တဲတိုက်တွေ ရှိတယ်။ အဲဒီတဲတိုက်ကို ကျနော်တို့ ဒေသအခေါ်တော့ သန်းကုန်းတဲတိုက်လို့ ခေါ်ကြတာ။ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြတဲ့ ပြည်သူစစ်စစ် တောသူတောင်သားတွေပဲ နေထိုင်နေကြတာ။ စကစဘက်က ဝါဒဖြန့်နေသလို PDF စခန်းမဟုတ်ဘူး။ PDF ရဲဘော်တွေလည်း လာနေကြတာ မရှိဘူး။ စစ်တပ် အပါအဝင် သူတို့ကို ထောက်ခံနေသူတွေက ဘယ်တုန်းက မှန်တာမပြောခဲ့ဘူး”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ ဝက်လက်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို အင်အားအလုံးအရင်းနဲ့လည်း မြေပြင်စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

စစ်တပ်ဟာ ပြည်သူကို​ ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့လည်း လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ပြီး သွားလာနေထိုင်ကြပါဖို့  တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013