
မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်တွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသလို ၂ ရက်ဆက်တိုက်လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ လေကြောင်းရန် စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက်မှာ သပြေညို ရေနံမှော်ကို မုံရွာနမခက တက်တဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ၄ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ရေနံလှောင်တဲ့ ခြံမီးလောင်ခဲ့ပြီး ရေနံ အလုံး ၅၀ ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့ ပါတယ်။
ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းနဲ့ ၁၆ ရက် မနက်ပိုင်းမှာလည်း သပြေညိုရေနံမှော်ကို ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ထပ်မံ ဗုံးကြဲခဲ့တဲ့အတွက် ပြည်သူ့နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ ပါတယ်။
ပေါက်မြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသလို လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက်ပြည်သူတွေမှာ ညဘက် မအိပ်ရဘဲ လေကြောင်းလာရင် ပုန်းခိုဖို့ အဆင်သင့်ပြင်ထားရတယ်လို့ စစ်ဘေးရှောင် အကူအညီပေးသူ တယောက်က ပြောပါတယ်။
“ပေါက်မြို့နယ်က လူဦးရေ ၈၀ ရာခိုင်နှုန်းလောက်အထိကို လေကြောင်းရန်က စိုးရိမ်နေကြရတာ။ လေကြောင်းရန် လက်နက်ကြီးရန်ပေါ့နော်။ နေ့စဉ်ရက်ဆက် လေကြောင်းနဲ့လာတာရှိတယ်။ ကပစ ၂၂ က လည်း လက်နက်ကြီးနဲ့ လေးမျက်နှာလှည့်ပစ်နေတာပေါ့။ လေကြောင်းရန်ရော လက်နက်ကြီးရန်ရော ပြည်သူတွေက ခံနေရတာပေါ့။ ညဆိုရင်အသံကြားတာနဲ့၊ ကျနော်တို့ဘက်ကို ဦးတည်လာပြီဆိုတာနဲ့ ညချမ်းချမ်းအေးအေးကြီးလည်း ပုန်းကျင်းထဲကို ဝင်ရတာ။”
ပေါက်မြို့အခြေစိုက် ကပစ ၂၄ ကစစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဒီဇင်ဘာ ၁၃ ရက်ကစတင်ကာ အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေပြီး လက်ရှိမှာတော့ ဂွေးဂုံရွာထဲမှာ အထိုင်ချထားတယ်လို့ သိရပါတယ်။
စစ်ကြောင်းကြောင့် ဂွေးဂုံရွာအနီးတဝိုက်ကျေးရွာပေါင်း ၂၀ ဝန်းကျင်နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်နဲ့ မြိုင်နယ်အစပ်က ကျေးရွာတွေက ပြည်သူစုစုပေါင်း ၁၀,၀၀၀ ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေကြရ ပါတယ်။
မြေပြင်စစ်ကြောင်းကြောင့် တိမ်းရှောင်နေရချိန်မှာ ပေါက်မြို့ ကပစ ၂၄ ကနေ လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းရန်ကြောင့် စစ်ရှောင်တဲ့ နေရာတွေမှာ ဗုံးခိုကျင်းတွေ အဆင်သင့်ပြင်ဆင်ထားရတယ်လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
“ပေါက်မြိုင်အစပ်တွေမှာ ဂျိုင်ရိုကော်ပတာနဲ့ ကြဲတာတွေဟုတ်ပါတယ်ဗျ။ ကျောက်တံခါးဘက်တွေမှာတော့ စွန့်လွှတ် ဒရုန်းနဲ့ ကပစ ၂၄ ကနေ ထုတာတွေရှိတယ်၊ လက်နက်ကြီးနဲ့ လှမ်းထုတာတွေရှိတယ်၊ ၈၁ တို့ ၁၂၀ တို့နဲ့ တယောက်နေ ကတုတ်ကျင်းလေးတွေတော့ တူးထားတာရှိပါတယ်၊ ဟိုလိုကျင်းကြီးတော့ မဟုတ်ဘူး။ အရင်နေရာမှာတုန်းက ကျင်းကြီးနဲ့ ဟိုလိုတုံးတွေဆက်ပြီး လုပ်ထားတာတွေရှိတယ်။ လက်နက်ကြီးတွေနဲ့ညပိုင်းတွေမှာ အိပ်ကောင်းတဲ့ အချိန်တွေမှာ ထုတာတွေရှိတယ်၊ လက်နက်ကြီးထုတာနဲ့ ပုန်းခိုကျင်းတွေထဲမှာ ခိုအောင်းနေရတယ်။”
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက် နောက်ပိုင်းကနေ ဒီဇင်ဘာ ၁၅ ရက်အထိ မကွေးတိုင်းထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၀၄ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၂၀ နီးပါးသေဆုံးခဲ့ပါတယ်။











