DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် ပြည်သူ ၁၀,၀၀၀ နီးပါး စစ်ဘေးရှောင် ထွက်ပြေးနေရပြီး အကူအညီလို​အပ်နေ
DVB
·
December 15, 2025
ပေါက်မြို့နယ်တွင် ပြည်သူ ၁၀,၀၀၀ နီးပါး စစ်ဘေးရှောင် ထွက်ပြေးနေရပြီး အကူအညီလို​အပ်နေ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၉ ရက်ကစပြီး ကပစ ၂၄ ထဲက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကြောင့် ဒေသခံပြည်သူ ၁၀,၀၀၀ နီးပါး ထွက်ပြေးနေကြရပြီး အရေးပေါ်အကူအညီတွေ လို​အပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ် လူသားစာနာတာဝန်ခံက “ကပစ ၂၄ ထဲက စစ်ကြောင်းက ရွှေဘုံသာပျူရွာမှာ ထိုင်နေပြီး ပတ်ဝန်းကျင်ရွာတွေဘက်ကို စစ်ကြောင်းတွေ ဖြန့်ထိုးနေတာပါ။ အဲဒါကြောင့်မို့လို့ ဇုန်နယ်မြေ ၈ ထဲက ကျေးရွာ ၁၃ ရွာက အိမ်ထောင်စု ၂,၃၀၀ ဝန်းကျင်က ပြည်သူ ၁၀,၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ တောတောင်တွေထဲမှာ ထွက်ပြေးနေကြတာဖြစ်ပြီး ဆောင်းတွင်းကာလဖြစ်တာကြောင့် စောင်၊ ခြင်ထောင်၊ အနွေးထည်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းကြောင့် ပျမ၊ ချောင်းကူး၊ မိုးကောင်း၊ ပေပင်ရှင်မ၊ ညောင်ပင်သာ၊ ချောင်းဝ၊ ဝက်ပုတ်၊ ကျွန်းတိုင်း၊ ဂွေးဂုံ၊ စသိန်း၊ ဂဲပင်အင်း၊ ညောင်ရင်းနဲ့ ချောင်းဆုံကျေးရွာတွေက ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲမှာ ဒီဇင်ဘာ ၁၄ ရက်အထိ သူတို့စိုက်ပျိုးထားတဲ့ လယ်ယာစပါးခင်းတွေကို ရိတ်သိမ်းနိုင်ခြင်းမရှိဘဲ ထွက်ပြေး တိမ်းရှောင်နေကြရတာလို့လည်း ဆိုပါတယ်။

ပေါက်မြို့နယ်အ​ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “ရွှေဘုံသာပျူရွာကို ရောက်လာကြတာက ဖောကား ၂ စီးနဲ့ အင်အားကတော့ ၁၅၀ ကျော်လောက်ရှိတယ်။ ပျမရွာကစပြီး ပတ်ဝန်းကျင်က ရွာတွေထဲကိုဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖောကားတွေနဲ့တင်ပြီး ခိုးယူနေကြတယ်။ ရွာသားတချို့ကို ဓားစာခံလုပ်ပြီး ဖမ်းထားတယ်လို့ သိရတယ်။ တိုက်ပွဲအခြေအနေကတော့ တင်းမာနေဆဲလို့ပဲ ပြောလို့ရဦးမယ်ဗျ” လို့ ပြောပါတယ်။

ပေါက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှု​နဲ့ အကြိမ် ၈၀ ကျော် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ လူနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့သလို ဒေသခံပြည်သူနဲ့ တော်လှန်ရေးရဲဘော် ၁၆ ယောက် ကျဆုံးခဲ့တယ်လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေ ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013