DVB Logo
Home
မြန်မာသတင်း
မော်လိုက် တိုက်ပွဲတွင် စစ်သားနှင့် ပျူစောထီး ၆ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
DVB
·
December 15, 2025
မော်လိုက် တိုက်ပွဲတွင် စစ်သားနှင့် ပျူစောထီး ၆ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၉ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၆ ယောက် သေဆုံးသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Mawlaik Revolution က ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

Mawlaik Revolution ရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်တပ်စစ်ကြောင်းက ကျနော်တို့ မော်လိုက်တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေ အခြေပြုတပ်စွဲထားတဲ့ ဆွတ်နန်းရွာနားက ဒေသအ‌ခေါ် ရန်ကင်းတောင် စခန်းကိုစတင်လာရောက်တိုက်ခိုက်ခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ စစ်သားနဲ့​ပျူစောထီး​လို့ခေါ်တဲ့ ပြည်သူ့စစ်တွေရဲ့ အလောင်း ၆ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ သာလွန်အင်အားတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မော်လိုက်တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတွေဟာ စခန်းကုန်းကနေ ယာယီဆုတ်ခွာပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

Mawlaik Revolution ရဲ့ တာဝန်ခံတယောက်က “အဲဒီစစ်ကြောင်းက တပ်မ ၇၇ လက်အောက်ခံ ခမရ ၈ ရယ်၊ နယ်မြေခံတပ်နဲ့ ပြည်သူ့စစ်တွေပေါင်းပြီး အင်အား ၆၀ လောက်နဲ့ ၉ ရက်နေ့မှာ ကျနော်တို့ စခန်းကုန်းကို စတင်တိုက်ခိုက်ခဲ့ရာမှာ အင်အားမမျှလို့ ကျနော်တို့ဘက်က စခန်းကနေ ခဏ ဆုတ်ပေးလိုက်ရတယ်။ ၁၄ ရက်နေ့မှာတော့ ကျနော်တို့ဘက်က ပြန်ပြီးထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ သူတို့ဘက်က အထိနာပြီးတော့ အင်အား​ ၃၀ လောက်က ဆွတ်နန်းရွာဘက်ကို ထွက်ပြေးသွားကြလို့ အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ ကျနော်တို့စခန်းကို ပြန်ရခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

ဒီဇင်ဘာလ ၉ ရက်ကနေ ၁၄ ရက်အထိ ၆ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းဆီကနေ ၁၂၂ မမ ရှော့တိုက်ဒုံး ၇ လုံး၊ MA1 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်၊ MA15 သေနတ် ၁ လက်၊ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁၃ ခု၊ ကျည်မျိုးစုံအတောင့်ရေ ၁၂၀၀ နီးပါးနဲ့ Jammer စက် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆွတ်နန်းကျေးရွာဘက်ကို ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆိုပါကျေးရွာအတွင်းမှာ တပ်စွဲနေတာကြောင့် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ မော်လိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013