
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲက ရေဘေးသင့်ခဲ့တဲ့ ကျေးရွာ ၁၀ ရွာလောက်မှာ အောက်တိုဘာ ၁၄ ရက်လောက်ကစပြီး လူဦးရေ ရာနဲ့ချီ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဆက်တိုက်ဖြစ်လာတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
လောင်းလုံးမြို့နယ်က ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတော့ ကျန်တာတွေကိုထားပြီး အဲ့ဘက်အပိုင်းကို ပြန်လုပ်နေရတယ်၊ ဆေးအဖွဲ့တွေကို လွှတ်ပြီး။ ဝမ်းပျက်ဝမ်းလျှောက သုံးလေးရက်လောက်ရှိပြီ ဖြစ်နေတာ။ အခုတော့ ကာကွယ်ဆေးတွေ လုပ်နေရတာပေါ့။ ရေထဲထည့်တဲ့ ဆေးတွေ ဘာတွေ၊ အခုက အဲဒီ ဝမ်းပျက်ဝမ်းလျှောတွေက နောက်တကျော့ ပြန်ဖြစ်လာတာ။ ရွာတွေအလိုက် ဖြစ်လာတာပေါ့။ အကုန်နီးပါးပဲ ၁၀ ရွာလောက်ရှိပြီ။ ဆေးတွေပေးထားတာကို သုံးကြပါဆို မသုံးကြဘူး။ ဆေးတွေလည်း သုံးပြထားတယ်။ ရေတွင်း ရေကန်တွေနဲ့ ဆက်ပြီးတော့ သုံးလို့ရအောင် ပေးထားတာကို မသုံးကြဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဝမ်းရောဂါကူးစက်မှု ရပ်တန့်အောင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတ အဖွဲ့ဝင်တွေက ဆေးဝါးကုသမှုတွေ ပေးနေသလို ကြိုတင်ကာကွယ်ဖို့အတွက် ပေးထားတဲ့ ဆေးတွေကို စနစ်တကျ အသုံးပြုဖို့ ညွှန်ကြားနေရတယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ဒေသမှာ စက်တင်ဘာ ၂၅ ရက်ကစလို့ ရေကြီးတာကြောင့် မြေပြိုပြီး လူအယောက် ၃၀ ကျော် သေဆုံးခဲ့တာ တလဝန်းကျင် ရှိလာပါပြီ။ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်မှာ လူထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ပြီး လောင်းလုံးမြို့နယ်က ထိခိုက်မှု အများဆုံး ဖြစ်ပါတယ်။
လက်ရှိမှာတော့ လောင်းလုံးမြို့နယ်က မြေပြိုပြီး ထိခိုက်ခဲ့တဲ့ ကျေးရွာတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ရေအရင်းအမြစ်ရရှိရေးနဲ့ ရွာမြေပြန်ဖော်တဲ့ လုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မြေပြိုပြီး လမ်းတွေ ပျက်စီးသွားတဲ့အတွက် သွားလာလို့မရသေးတဲ့ ကျေးရွာ ၅ ရွာလောက် ကျန်ရှိနေပြီး အဲဒီကျေးရွာတွေဘက်ကိုတော့ ရေကြောင်းကနေတဆင့် ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ ပို့ဆောင်နေရတယ်လို့ ဆိုပါတယ်။
ထားဝယ်ဒေသခံတယောက်က “လောင်းလုံးဘက်က အဓိက ပြန်လည်ထူထောင်ရေးပေါ့နော်၊ ကယ်ဆယ်ရေးဆိုတာက အခုက မရှိသလောက် နည်းသွားတာပေါ့နော်။ အဓိကက ပြန်လည်ထူထောင်ဖို့ပေါ့နော်။ လမ်းတွေဆိုတာက သွားလို့ရလောက်တဲ့ အနေအထားလောက်ပဲ ဖောက်လို့ရသေးတာပေါ့နော်။ လမ်းတွေ သေချာလေး ပြန်ဖြစ်အောင် ညှိဖို့လိုမယ်။ အိမ်တွေဆိုရင်လည်း မြေကွက်တွေ ပြန်ဖော်ရမဲ့ အနေအထားတွေ ရှိတယ်။ တချို့အိမ်တွေ ပြန်ဆောက်ရမဲ့ အနေအထား ရှိတယ်။ အဓိကက ပြန်လည်ထူထောင်ရေးအတွက် စပြီးတော့ လုပ်နေရတဲ့ အနေအထားလို့ ပြောလို့ရမယ်” လို့ ပြောပါတယ်။
လောင်းလုံးမြို့နယ် အခြေစိုက် ပရဟိတအဖွဲ့တဖွဲ့က ဦးဆောင်ပြီး နိုင်ငံအနှံ့ ကယ်ဆယ်ရေး အဖွဲ့တွေလည်း ပြန်လည်ထူထောင်ရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်နေပေမဲ့ စက်ယန္တရား၊ မြေသယ်ကားနဲ့ စက်သုံးဆီ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အစားအစာနဲ့ သောက်သုံးရေ ရရှိအောင် အဓိက လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။
ထားဝယ်ဒေသမှာ ရေကြီးမှုကြောင့် လူနေအိမ်၊ အဆောက်အအုံပေါင်း ၃၀၀ ဝန်းကျင်နဲ့ ငါးဖမ်းလှေ အစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု စာရင်းတွေက အခုထက် ပိုများလာနိုင်တယ်လို့ ထားဝယ်တပ်တော်က ထုတ်ပြန်ထားပါတယ်။











