DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာ၌ ရေပြန်ကျသော်လည်း တတိယအကြိမ် ရေထပ်တက်လာနိုင်သဖြင့် စောင့်ကြည့်နေ
မောရစ်
·
September 1, 2026
Photo: ကူညီကယ်ဆယ်ရေးအဖွဲ့
Photo: ကူညီကယ်ဆယ်ရေးအဖွဲ့
Donate to DVB

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်တာကျိုးပြီး ရေကြီးရေလျှံမှု ဖြစ်ခဲ့ရာမှာ ရေပြန်ကျသွားပေမဲ့ မိုးဆက်တိုက်ရွာနေပြီး မြစ်ရေတတိယအကြိမ် ထပ်တက်လာနိုင်ခြေရှိတာကြောင့် စောင့်ကြည့်နေရဆဲပါ။

ရေဘေးဒဏ် အဆိုးဆုံးကြုံနေရတဲ့ လေးမျက်နှာမြို့က ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ ရေ ၃ ပေကနေ ၄ ပေလောက် ပြန်ကျနေပြီလို့ ကယ်ဆယ်ရေးသမားတွေက စက်တင်ဘာ ၁ ရက်မှာ DVB ကို‌ ပြောပါတယ်။

လက်ရှိ ခမောက်စုကနေ မရင်းချောင်း ကူးတို့ဆိပ်အထိ ကုန်းလမ်းခရီး ပြန်သွားနိုင်ပြီဖြစ်သလို စာသင်ကျောင်းတွေကို သန့်ရှင်းရေး စတင်ဝင်ရောက်နေပြီလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မိုးဆက်တိုက်ရွာနေတာနဲ့အတူ တတိယရေလှိုင်း ပြန်ဝင်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ မိုးလေဝသပညာရှင်တွေကသုံးသပ်ထားပါတယ်။

တတိယရေလှိုင်းဆိုတာ မြစ်ရေ ၂ ကြိမ်တက်ပြီး ပြန်ကျသွားပေမဲ့ အထက်ရေဆင်းလာတာနဲ့ မိုးဆက်ရွာတာတွေကြောင့် စိုးရိမ်ရေမှတ်အထက်ကို နောက်တကြိမ် ထပ်တက်လာတဲ့ တတိယအကြိမ် ရေတက်မှု ဖြစ်ပါတယ်။

ကယ်ဆယ်ရေးသမားတယောက်က “ရေကတော့ ပြန်ကျတယ်။ ၃ ၊ ၄ ပေလောက် ကျသွားပြီလို့ ခန့်မှန်းလို့ရတယ်။ ကျနော်တို့ သွားလို့ရတဲ့ အနေအထားမှာ ရှိနေတယ်။ ဒါပေမဲ့ ကျွန်းတောကနေ မရင်း အိုင်သပြုဘက် ကူးမဲ့ မရင်းချောင်းကတော့ ရေကျန်သေးတယ်။ အဲဒီရေကလည်း ဘာကြောင့်ကျန်လဲဆိုတော့ ကျနော်တို့ ပြောတဲ့တာက ပေ ၁၀၀ လောက်အထိ ခန့်မှန်းခြေ ပေ ၁၀၀ လောက်အထိက လုံးဝ ပိတ်လို့မပြီးသေးတာဖြစ်တဲ့အတွက် အဲဒီထဲက ထွက်တဲ့ရေတွေက တောက်လျှောက် ငါးသိုင်းချောင်း၊ ရေကြည်၊ အခု ကျုံပျော်အထိပေါ့၊ ကျုံပျော်အထိကို စီးဆင်းနေတဲ့ အနေအထားမှာ ရှိတယ်”လို့ ပြောပါတယ်။

ရေအနည်းငယ် ပြန်ကျသွားတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ နေအိမ်တွေ ပြန်ပေါ်လာလို့ ဒေသခံတချို့ ပြန်လည်နေထိုင်ကြပေမဲ့ နေအိမ်လုံးဝပျက်စီးသွားသူတွေနဲ့ စိုးရိမ်ရသူတွေကတော့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ဆက်လက်ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

မိုးဇလပညာရှင်တွေရဲ့ အကြံပေးချက်အရ ရေကျသွားသည့်တိုင် နေအိမ်တွေကို အလျင်စလို မပြန်ကြဘဲ ကယ်ဆယ်ရေးစခန်းတွေနဲ့ ကုန်းမြင့်တွေမှာသာ ဆက်လက်စောင့်ကြည့်နေကြဖို့ တိုက်တွန်းထားပြီး၊ မိုးဆက်တိုက်ရွာတာနဲ့အတူ စစ်ကိုင်းနဲ့ ကချင်ဘက်က အထက်မြစ်ရေဆင်းလှိုင်းတွေကြောင့် လာမဲ့ ၇ ရက်အတွင်း ရေပိုတိုးလာနိုင်သလို ရေကျဆင်းမှုကလည်း နှေးနေဦးမယ်လို့ အသိပေး နှိုးဆော်ထားပါတယ်။

ဒေသခံတွေကတော့ ရေကျအပြီး ပြန်လည်ထူထောင်ရေးကာလ ၄ လကနေ ၆ လအထိ ကြာနိုင်တာမို့ စားနပ်ရိက္ခာနဲ့ အလုပ်အကိုင် အကျပ်အတည်းကို ဆက်လက်ရင်ဆိုင်ရဦးမှာ ဖြစ်တဲ့အတွက် ရေရှည်စားနပ်ရိက္ခာ ထောက်ပံ့မှု အစီအစဉ်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လေးမျက်နှာမြို့ခံတယောက်က “လတ်တလော တလစာလောက်အထိ ပူစရာမလိုသေးဘူး။ ဒါပေမဲ့ ရေက ဒီပုံတိုင်းပဲဆိုရင် ကျနော်တို့ နောက် ၃၊ ၄ လလောက်အထိ တောင့်ခံရမှာ၊ ဒီဇင်ဘာအထိလောက် မှန်းထားတယ်။ ဘာလို့လဲဆိုရင် လိုတာတွေက အများကြီးပဲ၊ အလှူရှင်တွေကလည်း တဖြည်းဖြည်း နည်းလာပြီ။ ဒါကြောင့် ရေရှည် စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ပြန်လည်ထူထောင်ရေးပိုင်းမှာ ဆက်လက်ဝိုင်းဝန်းပံ့ပိုးပေးဖို့ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက စတင်ခဲ့တဲ့ ငဝန်မြစ်ရေကြီးမှုနဲ့ ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်အပြင် အနီးဝန်းကျင်က ငါးသိုင်းချောင်း၊ ရေကြည်နဲ့ ကျုံပျော်မြို့နယ်တွေအထိ ရေလွှမ်းမိုးမှုဧရိယာ ကျယ်ပြန့်ခဲ့ပြီး ဒေသတွင်း မိုးစပါးစိုက်ဧက သောင်းနဲ့ ချီ ရေနစ်မြုပ် ပျက်စီးခဲ့ရပါတယ်။ 

ဒါ့အပြင် ကျေးရွာပေါင်း ဒါဇင်နဲ့ချီက ဒေသခံသောင်းနဲ့ချီဟာ ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းတွေနဲ့ ကုန်းမြင့်ပိုင်းတွေမှာ တစ်လကျော်ကြာတဲ့အထိ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ တာကျိုးပေါက်မှု ပေ ၁၀၀ လောက်ကို အပြီးသတ် ပိတ်ဆို့နိုင်ခြင်း မရှိသေးတာကြောင့် အောက်ပိုင်းမြို့နယ်တွေဆီ ရေဆက်လက်စီးဆင်းနေသလို၊ လာမဲ့ ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၈၃ မီလီမီတာကနေ ၁၆၈ မီလီမီတာအထိ မိုးဆက်လက်ရွာသွန်းနိုင်ခြေ ရှိနေတာကြောင့် ရေဘေးသင့်ဒေသတွေအနေနဲ့ တတိယရေလှိုင်းအန္တရာယ်ကို ဆက်လက်သတိပြု စောင့်ကြည့်နေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013