DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီး အရေးယူပေးရန် KNO နှင့် KNU တောင်းဆို
DVB
·
December 14, 2025
စစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီး အရေးယူပေးရန် KNO နှင့် KNU တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို ဗုံးကြဲတဲ့စစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး နိုင်ငံတကာက အမြန်အရေးယူပေးကြဖို့ ကချင်အမျိုးသားအစည်းအရုံး (KNO) နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့က ထုတ်ပြန် တောင်းဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ကြိုတင်ကြံစည်ပြီး အကြမ်းဖက်ဆန်တဲ့ လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန်ရှုတ်ချပြီး ဒါဟာ အရပ်သားတွေကိုပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အစုလိုက်အပြုံလိုက် ရက်စက်မှုတွေကို စနစ်တကျလုပ်တဲ့အပေါ် ထပ်အတည်ပြုတာလို့ KNO က ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

အရပ်သားတွေကိုကုသပေးနေတဲ့ ဆေးရုံတခုအပေါ်ဗုံးကြဲတာဟာ ယဉ်ကျေးတဲ့ ဘယ်လူ့အဖွဲ့အစည်းကမှ လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

KNO ရဲ့ နိုင်ငံခြားရေးအတွင်းရေးမှူး ခန်းဖာတူး က “မြန်မာစစ်တပ်ဟာ တချိန်က ဖက်ဆစ်စစ်တပ် ဖြစ်ခဲ့ပေမဲ့ အခုတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အပြည့်အဝ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ သူတို့က ဆယ်စုနှစ်များစွာကြာအောင် လူနည်းစုတွေကို အကြမ်းဖက်ကျူးလွန်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကစလို့  သူတို့လက်နက်တွေကို ဗမာတွေဘက်ကိုလှည့်လိုက်တယ်။ ဘယ်လူမျိုးမဆို ဒီလောက် ရက်စက်ကြမ်းကြုတ်တာကိုတော့ သည်းခံနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

နိုင်ငံရေး အကျပ်အတည်းနဲ့ ဆယ်စုနှစ်ချီအောင်ကြာမြင့်နေတဲ့ ပြည်တွင်းစစ်ကို ဖက်ဆစ်အကြမ်းဖက် စစ်တပ်ရဲ့ စစ်အာဏာရှင်စနစ်အဆုံးသတ်မှပဲ ဖြေရှင်းနိုင်မယ်လို့ KNO က ဆိုပါတယ်။

အစိုးရတွေ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ အကြမ်းဖက်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့၊ လေယာဉ်ဆီပိတ်ဆို့ရေး ချက်ချင်းချမှတ်ပြီး အပိုပစ္စည်းထောက်ပံ့တာကိုလည်း တားမြစ်ဖို့၊ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပေးဖို့ တောင်းဆိုပါတယ်။

စစ်တပ်ခေါင်းဆောင်တွေနဲ့ လက်နက်သယ်ယူပို့ဆောင်ရေး ပိတ်ဆို့အရေးယူတာကို ပိုတင်းကျပ်ဖို့၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့၊ စစ်တပ်ရဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေကို ခြေရာခံနိုင်တဲ့ ကြိုတင်သတိပေး ရေဒါစနစ် ဖြန့်ကျက်ချထားပေးဖို့၊  လေကြောင်းတိုက်ခိုက်မှုတွေကို အရပ်သားတွေကို သတိပေးစနစ်ထူထောင်ဖို့ကိုလည်း တောင်းဆိုပါတယ်။

KNU ကလည်း အရပ်သားပြည်သူတွေနဲ့ အကာအကွယ်ထားရမဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန်ရှုတ်ချသလို ဒါဟာ အပြစ်မဲ့ပြည်သူတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှုတွေလို့ သတ်မှတ်ရမယ်လို့ ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်စေဖို့၊ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုယူစေဖို့၊ ထိရောက်တဲ့ အရေးယူတာတွေလုပ်ပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုပြီး ပြည်သူတွေအတွက် တရားမျှတမှုရစေဖို့နဲ့ ထိရောက်တဲ့ အကာကွယ်ရအောင် အရေးပေါ်လုပ်ပေးဖို့လည်း တောင်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013