DVB Logo
Home
မြန်မာသတင်း
မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်မှု သတင်းအချက်အလက် မျှဝေပေးရန် IIMM တောင်းဆို
DVB
·
December 13, 2025
မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်မှု သတင်းအချက်အလက် မျှဝေပေးရန် IIMM တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်တဲ့ မျက်မြင်ကြုံတွေ့သူတွေ၊ တိုက်ရိုက်သိရှိထားသူတွေအနေနဲ့ သတင်းအချက်အလက် မျှဝေပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM)က ဒီဇင်ဘာ ၁၂ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

လူနာတွေအပြည့်ရှိနေတဲ့ ခုတင် ၃၀၀ ဆေးရုံကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုင်ငံတကာဥပဒေအရ ဆေးရုံလို ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့နေရာတွေကို အရပ်သားတွေရဲ့နေရာတွေအဖြစ် သတ်မှတ်ကာကွယ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ဒါမှမဟုတ် ခွဲခြားမှုမရှိဘဲတိုက်ခိုက်ရင် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှုလည်း မြောက်နိုင်တယ်လို့ ဆိုပါတယ်။

အယောက် ၃၀ ကျော်သေဆုံး၊ ၇၀ ကျော်ဒဏ်ရာရတဲ့ ဒီဖြစ်ရပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆေးရုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေထဲက အသေအပျောက်အများဆုံး ဖြစ်ရပ်တခုလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ကိုယ်တွေ့ရင်ဆိုင်ခဲ့ရတဲ့ အသက်ရှင်ကျန်ရစ်သူတွေ၊ လူနာနဲ့ လူနာစောင့်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တခြားသက်သေတွေ၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေဆီကနေ အချက်အလက်တွေကို တောင်းခံလိုတယ်လို့ ဖော်ပြထုတ်ပြန်ပါတယ်။

သူတို့အနေနဲ့ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေစာရင်း၊ သက်ဆိုင်ရာ ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတွေ အပါအဝင် ထိခိုက်ခံရသူတွေရဲ့ အချက်အလက်တွေ၊ အပျက်အစီးတွေကို မြင်ရတဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ ဒရုန်းရိုက်ချက်တွေနဲ့ တခြားမှတ်တမ်းမှတ်ရာတွေအပါအဝင် ဆေးရုံနဲ့ အနီးတဝိုက်က အဆောက်အအုံတွေရဲ့ အချက်အလက်တွေကို တောင်းခံပါတယ်။

ပြီးတော့ တိုက်ခိုက်တဲ့လေယာဉ်ဟာ ဘယ်လေတပ်စခန်းက စေလွှတ်လိုက်တယ်ဆိုတာနဲ့ တိုက်ခိုက်တဲ့ လေယာဉ်နဲ့ ဆက်စပ်အချက်အလက်တွေ၊ လေယာဉ်မှူးတွေနဲ့ တခြား အမိန့်ပေးသူတွေအပါအဝင် တိုက်ခိုက်ရာမှာ တိုက်ရိုက်ပါဝင်သူတွေအကြောင်းကိုလည်း ပေးပို့ဖို့ တောင်းခံပါတယ်။

လက်နက်အပိုင်းအစတွေပါတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေအပါအဝင် တိုက်ခိုက်ရာမှာသုံးခဲ့တဲ့ လက်နက်တွေအကြောင်း အချက်အလက်တွေ၊ လေယာဉ်ဆီတင်သွင်းမှုဆိုင်ရာ အချက်အလက်တွေ အပါအဝင် တိုက်ခိုက်မှုဖြစ်မြောက်စေဖို့ ငွေကြေးနဲ့ တခြားပံ့ပိုးမှု အချက်အလက်တွေကိုလည်း တောင်းခံပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုမစခင် အဲဒီနေရာကနေ စွန့်ခွာဖို့ သတိပေးတာ ရှိ၊ မရှိ စတဲ့ အချက်အလက်တွေကိုလည်း မျှဝေပေးဖို့ တောင်းခံလိုက်ပါတယ်။

ဘယ်သူမဆို သက်ဆိုင်တဲ့ အချက်အလက်တွေ လက်ဝယ်ရှိရင် ယန္တရားရဲ့ Signal နံပါတ်ဖြစ်တဲ့ +41 76 691 12 08 ကို စာတွေအလိုလျောက်ပျောက်ကွယ်တဲ့စနစ် (disappearing message) ကို သုံးပြီး ဆက်သွယ်ဖို့ တိုက်တွန်းထားပါတယ်။

အီးမေးလ်နဲ့ ဆက်သွယ်မယ်ဆိုရင်လည်း ယန္တရားရဲ့ Proton Mail လိပ်စာ [email protected] ကို ပေးပို့နိုင်ပြီး လုံခြုံဖို့အတွက်ဆိုရင်တော့ Proton Mail အချင်းချင်း ပေးပို့ရမှာဖြစ်ပါတယ်။

ယန္တရားအနေနဲ့ ပေးပို့သူတွေရဲ့  ကိုယ်ရေးအချက်အလက်တွေကို အထူးလျှို့ဝှက်ထားမှာဖြစ်ပြီး ယန္တရားဆီကိုဆက်သွယ်ရာမှာလည်း လုံခြုံစိတ်ချရတဲ့အချိန်မှပဲ ဆက်သွယ်ဖို့ တိုက်တွန်းထားပါတယ်။

IIMM ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာကျုးလွန်တဲ့ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြား နိုင်ငံတကာဥပဒေတွေ ချိုးဖောက်တာတွေအတွက် အထောက်အထားတွေ စုဆောင်းစိစစ်သုံးသပ်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ယန္တရားဟာ နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာတရားရုံးတွေမှာ လူပုဂ္ဂိုလ်တွေကို တရားစွဲဆိုရာမှာသုံးနိုင်မဲ့ အထောက်အထားတွေကို ထိန်းသိမ်းစုစည်းပြီး အမှုနဲ့ သက်ဆိုင်တဲ့ ဖိုင်တွဲတွေကို ပြင်ဆင်ထားပါတယ်။

မြောက်ဦးဆေးရုံကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့အပေါ်  ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ (အီးယူ) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအသီးသီးက ရှုတ်ချလိုက်ပြီး ဒါဟာ ဒီနှစ်ထဲမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအပေါ် ၆၇ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013