
စပိန်အာဏာပိုင်တွေဟာ မက်ဒရစ်အလယ်ပိုင်းဒေသရှိ တောရိုင်းငှက်တွေမှာ ငှက်တုပ် ကွေးဖြစ်ပွားမှု ၄ ခုကို တွေ့ရှိခဲ့ပါတယ်။
အဲဒီမှာ သစ်တောအေးဂျင့်တွေဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း စုဆောင်းရရှိတဲ့ ငှက်ကျား အသေကောင် ၁၀၀ ကျော် အပါအဝင် ရက်သတ္တပတ် အနည်းငယ်အတွင်း စုဆောင်းရရှိခဲ့တဲ့ ရာပေါင်းများစွာသော ငှက်အသေကောင်တွေလည်း ပါဝင်ပါတယ်။
ဥရောပ စားနပ်ရိက္ခာဘေးကင်းရေးအာဏာပိုင်အဖွဲ့ရဲ့ အဆိုအရ ငှက်သေဆုံးမှုတွေဟာ အခုရာသီမှာ ဥရောပတဝန်း ငှက်တုပ်ကွေးဖြစ်ပွားမှုတွေ မကြုံစဖူး မြင့်တက်လာခြင်းရဲ့ တစိတ်တပိုင်းဖြစ်ပြီး နိုင်ငံပေါင်း ၂၉ နိုင်ငံမှာ ထောင်နဲ့ချီတဲ့ တောငှက်တွေ ကူးစက်ခံရမှုကို သတင်းပို့ထားကြောင်း သိရပါတယ်။
အခုချိန်ထိတော့ ဘယ်စီးပွားဖြစ် ကြက်မွေးမြူရေးခြံတွေကိုမှ ထိခိုက်မှု မရှိသေးဘဲ လူသားတွေအတွက်လည်း ပြင်းထန်တဲ့အန္တရာယ် မရှိဘူးလို့ မက်ဒရစ်ရဲ့ ဒေသဆိုင်ရာအစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
မက်ဒရစ်ရှိ သစ်တောလုပ်ငန်း အကြီးအကဲ မီဂဲလ်ဟီဂဲရာစ်အိုတေဂါက “စပိန်နဲ့ ဥရောပတဝန်း ဖြစ်ပွားနေတဲ့ ကပ်ရောဂါအခြေအနေအပေါ် အခြေခံပြီး လူကိုကူးစက်တဲ့ ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားခြင်း မရှိတာကြောင့် လူ့ကျန်းမာရေးအတွက် ပြင်းထန်တဲ့ အန္တရာယ်မရှိပါဘူး” လို့ ပြောပါတယ်။
ကပ်ရောဂါဖြစ်ပွားမှုတွေဟာ အခုချိန်အထိ ပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုတခု မဖြစ်သေးကြောင်းလည်း ထပ်လောင်းပြောဆိုပါတယ်။
မြောက်ဥရောပကနေ ရောက်လာတဲ့ ရွှေ့ပြောင်းငှက်တွေဖြစ်တဲ့ ငှက်ကျားတွေက ဗိုင်းရပ်စ်ပိုး သယ်ဆောင်လာတယ်လို့ ယူဆရပါတယ်။
ပြင်းထန်တဲ့ ရောဂါဖြစ်စေတဲ့ ငှက်တုပ်ကွေးကြောင့် လတ်တလောနှစ်တွေအတွင်းမှာ သန်းပေါင်း ရာနဲ့ချီတဲ့ ကမ္ဘာတဝန်းရှိ မွေးမြူရေးငှက်တွေကို သတ်ဖြတ်ခဲ့ရပြီး အစားအစာ ထောက်ပံ့မှုတွေကို အနှောင့်အယှက်ဖြစ်စေကာ ဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ လူကိုကူးစက်မှုတွေတော့ ရှားပါးနေဆဲ ဖြစ်ပါတယ်။
Photo: Reuters










