
ဩစတြေးလျနိုင်ငံအတွင်း ဒုတိယမြောက်ပြည်နယ်မှာ အလွန်ကူးစက်တတ်တဲ့ H5N1 ငှက်တုပ်ကွေး ဖြစ်ပွားခဲ့ပြီးနောက် သြစတြေးလျ အာဏာပိုင်တွေက ဇွန် ၂၄ ရက်မှာ စောင့်ကြည့် စစ်ဆေးတာတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
အနောက်သြစတြေးလျပြည်နယ်၊ အက်စ်ပါရန့်စ်မြို့နားမှာ နိုင်ငံရဲ့ ပထမဆုံး အတည်ပြုလူနာ ၂ ယောက်ကို တွေ့ရှိခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ရွှေ့ပြောင်းငှက်တကောင်မှာ ဗိုင်းရပ်စ်ပိုး တွေ့ခဲ့တာလို့ စိုက်ပျိုးရေးဝန်ကြီး ဂျူလီ ကောလင်းစ်က ပြောပါတယ်။
တောင်ဩစတြေးလျပြည်နယ် ဝန်ကြီးချုပ် ပီတာ မာလီနော့စ်က ဖောင်လာပင်လယ်အော်မှာ တွေ့တဲ့ နေမကောင်းတဲ့ ငှက် ၂ ကောင်မှာ H5N1 မျိုးကွဲ မရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။
အတည်ပြုထားတဲ့ ကူးစက်မှုတွေကြောင့် အိမ်နီးချင်း ပါပူအာနယူးဂီနီ နိုင်ငံက ဩစတြေးလျကနေ ကြက်သားနဲ့ ထုတ်ကုန်တွေ တင်သွင်းမှုကို ခဏပိတ်ပင်ထားခဲ့ပေမဲ့ ခုတော့ ကန့်သတ်ချက်တချို့ကို ရုပ်သိမ်းလိုက်ပြီလို့ စိုက်ပျိုးရေးဝန်ကြီး ကောလင်းစ်က ပြောခဲ့ပါတယ်။
Source: Reuters










