DVB Logo
Home
မြန်မာသတင်း
ဂျပန်ပို့ပေးမည်ဆိုပြီး ၁ ဦးကို ကျပ်သိန်း ၂၀၀ နီးပါးဖြင့် အလုပ်သမားရာချီ လိမ်လည်ခံရ
DVB
·
December 11, 2025
ဂျပန်ပို့ပေးမည်ဆိုပြီး ၁ ဦးကို ကျပ်သိန်း ၂၀၀ နီးပါးဖြင့် အလုပ်သမားရာချီ လိမ်လည်ခံရ
Donate to DVB

ဂျပန်နိုင်ငံကို ပို့ပေးမယ်ဆိုပြီး အေဂျင်စီ အမည်ခံထားတဲ့ လူတစုက အလုပ်သမားတယောက်ကို ကျပ်သိန်း ၁၀၀ ကနေ ကျပ်သိန်း ၂၀၀ အထိ ယူသွားပြီး အလိမ်ခံရတဲ့ အလုပ်သမား ၈၀၀ နီးပါး ရှိတယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မူလုပ်ငန်းရှင်များအသင်း (MOEAA) ဆီက သိရပါတယ်။

Su Latt Myint Mo အေဂျင်စီ နဲ့ သူ့ရဲ့လုပ်ငန်းခွဲ Nay Won Gabar အေဂျင်စီတို့မှ ဒေါ်ခင်သန္တာကျော်၊ ဦးဝင်းမင်းထွန်း၊ ဒေါ်နှင်းယုထွေးတို့က ကုန်ထုတ်လုပ်ငန်းမှာ အလုပ်သွင်းပေးမှာဖြစ်ပြီး တာချီလိတ်လမ်း ကြောင်းကတဆင့် ဂျပန်နိုင်ငံကို ပို့ပေးမယ်ဆိုကာ အလုပ်သမားတွေဆီက ဝန်ဆောင်ခ လိမ်လည်သွားတာလို့ ဆိုပါတယ်။

ငွေလိမ်လည်ခံရတဲ့ အလုပ်သမား ၁၀၀ နီးပါးက ဒီဇင်ဘာ ၁၁ ရက်မှာ လာရောက်တိုင်ကြားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ငွေအလိမ်ခံရကာ သောင်တင်နေသူ ၇၀၀ နီးပါး ရှိသေးတယ်လို့ MOEAA ရုံး တာဝန်ရှိသူက ပြောပါတယ်။

“ကလေးတွေ လာတိုင်တာက သူတို့ရဲ့ ပတ်စပို့စာအုပ်နဲ့ သွင်းထားတဲ့ ငွေကြေးတွေ ပြန်ရရင် ကျေနပ်ပါပြီတဲ့။” 

အလုပ်သမားတွေက ဝန်ဆောင်ခကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာချမ်းသာကွန်ဒို၊ ၈ လွှာမှာ ဖွင့်ထားတဲ့ အခန်းနဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်က ကန်တော်မွန်အိမ်ရာလမ်းက အိမ်အမှတ် ၁၇ တို့မှာ သွားရောက်ပေးသွင်း စာချုပ်ချုပ်ခဲ့တာလို့ ဆိုပါတယ်။

ငွေလိမ်လည်ခံရတဲ့ထဲ ပါတဲ့သူတယောက်က “ထိုင်းဘက်ကို ခေါ်သွားပြီး ကြိုပြီးငှားထားတဲ့ အခန်းမှာ အလုပ်သမားတွေကိုထားတယ်။ အဲဒီမှာ ခဏစောင့်ရမယ်ဆိုပြီး ပစ်သွားတာ။ အခုအထိ မပြန်နိုင်သေးတဲ့သူတွေက ကိုယ့်စရိတ်ကိုယ်စားပြီး နေနေရတယ်။ တချို့ဆိုရင် အဲဒီမှာ တနှစ်လောက်ရှိနေပြီ” လို့ ပြောပါတယ်။

ငွေလိမ်သွားတဲ့သူတွေကို ဆက်သွယ်လို့မရသလို စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနဆီ လိမ်လည်ခံရတဲ့သူတွေ စုပြီး တိုင်ထားတာလည်း အကြောင်းမထူးသေးဘူးလို့ အလုပ်သမားတွေက ဆိုပါတယ်။

အလုပ်သမားတွေဆီက ငွေလိမ်လည်သွားတဲ့ Su Latt Myint Mo အေဂျင်စီဟာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှာ အကျိုးဆောင်လိုင်စင်ရယူခဲ့တာရှိပြီး ဒီနှစ်ထဲပိတ်သိမ်းခံရတဲ့ အေဂျင်စီ ၃၇ ခုထဲမှာ ပါတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အေဂျင်စီတွေကို အရေးယူထားတဲ့ထုတ်ပြန်ချက်မှာ Su Latt Myint Mo အေဂျင်စီကို အခုနှစ် မေ ၁၃ ရက်က အကျိုးဆောင်လိုင်စင် ရာသက်ပန်ပိတ်သိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ Su Latt Myint Mo အေဂျင်စီအနေနဲ့ လုပ်ငန်းမရပ်ဘဲ အလုပ်သမားတွေဆီက အောက်တိုဘာလအထိ ငွေရယူခဲ့တာကို ချုပ်ဆိုထားတဲ့စာချုပ်မှာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013