DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်တွင် ထိုင်းနိုင်ငံသား ၇၅ ဦး ဖမ်းဆီးခံရ
DVB
·
December 11, 2025
ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်တွင် ထိုင်းနိုင်ငံသား ၇၅ ဦး ဖမ်းဆီးခံရ
Donate to DVB

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသား ၇၅ ယောက်ကို ဒေသအာဏာပိုင်တွေက ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်နွှယ်တဲ့ သံသယနဲ့ ဖမ်းဆီးခဲ့တယ်လို့ ကမ္ဘောဒီးယားဘာသာနဲ့ ထုတ်ပြန်တဲ့ Fresh News ကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဖနွမ်းပင်မြို့တော်၊ ချဘားအမ်ဘွတ်ဖ်နယ်မြေ၊ ကော်ကရဘီရပ်ကွက်က ခြံတခြံထဲမှာ ထိုင်းနိုင်ငံသားတွေ စုဝေးပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေဟန်ရှိကြောင်း သတင်းရတာကြောင့် ကမ္ဘောဒီးယားနိုင်ငံ နည်းပညာဆိုင်ရာ ရာဇဝတ်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့  ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက အဆိုပါနေရာကို သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာကနေ ထိုင်းနိုင်ငံသား ၇၅ ယောက်ကို ကွန်ပြူတာ၊ လက်တော့ပ်၊ လက် ကိုင်ဖုန်းတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်၊ အဲဒီထဲမှာ အမျိုးသမီး ၄၈‌ ယောက် ပါဝင်တယ်၊ သူတို့တွေကို ကမ္ဘောဒီးယား အမျိုးသားရဲတပ်ဖွဲ့ အထူးစုံစမ်းရေးရဲတပ်ဖွဲ့ထံ အပ်နှံပြီး ဆက်လက်စစ်ဆေးသွားမယ်၊ ကျားဖြန့် အွန်လိုင်းလိမ်လည်မှု မြောက်ပါက ခြွင်းချက်မရှိ ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ဆိုပါတယ်။

လတ်တလော ထိုင်းနဲ့ ကမ္ဘေဒီးယား နယ်စပ်တိုက်ပွဲကြောင့် ကမ္ဘောဒီးယားနိုင်ငံရောက် ထိုင်းလူမျိုးတွေကြား မိမိလုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြပြီး မိခင်တိုင်းပြည်ကို ပြန်လာချင်နေကြပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် မနက်မှာ ကမ္ဘောဒီးယားရောက် ထိုင်းနိုင်ငံသား ၆,၀၀၀ ကျော် ထိုင်းနိုင်ငံဘက် ပြန်ဝင်ဖို့အတွက် ထိုင်းနိုင်ငံ ဆာကယောက်ခရိုင် တဘက်ကမ်း ခလောင်းလို့တ် နယ်စပ်ဂိတ်မှာ လာရောက်စောင့်ဆိုင်းနေကြပါတယ်။

သူတို့ဟာ ဖနွမ်းပင်ရှိ ထိုင်းသံရုံးကိုလည်း အကြောင်းကြားခဲ့ပြီးဖြစ်တယ်၊ မနက်ခင်းက တချို့တလေ ပြန်ဝင်လို့ရတယ်၊ မနက် ၁၀ နာရီမှာ ထိုင်းဘက်ခြမ်းရှိ အာဏာပိုင်တွေက မိမိနိုင်ငံသားတွေကို လာရောက်ကြိုဆိုပြီး စစ်ဆေးပြီးက နေရပ်ပြန်ပို့ပေးဖို့ စီစဉ်ထားပေမဲ့ ကမ္ဘောဒီးယားဘက်က ရုတ်တရက် ပေးမထွက်တော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ထိုင်းဘက်ခြမ်းကလည်း သူတို့နိုင်ငံပြန်ဖို့ စောင့်နေတဲ့ ထောင်နဲ့ချီတဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေကို ပေးမထွက်ဘဲ ပြန်ပိတ်ထားလိုက်တယ်၊ နေ့ခင်းပိုင်းထိ နှစ်ဖက်စစ်ဆေးရေးဂိတ်က ညှိနှိုင်းပြောဆိုနေကြတုန်းပဲလို့ One News သတင်းမှာ ဖော်ပြပါတယ်။

လူမှုကွန်ရက်မှာလည်း ကမ္ဘောဒီးယားဟာ တိုက်ပွဲဖြစ်နေချိန် ထိုင်းလူမျိုးတွေကို လူသားဒိုင်းအဖြစ် အသုံးချမှာကိုလည်း စိုးရိမ်မကင်း ဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ်။

ဒီမတိုင်ခင်က ကမ္ဘောဒီးယားဟာ သူတို့ဘက်က ဖမ်းထားတဲ့ ကျားဖြန့်ဂိုဏ်းဝင် ထိုင်းလူမျိုး ၄၂ ယောက်ကို ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြန်လွှဲပြောင်းပေးအပ်မယ်လို့ ပြောခဲ့ပေမဲ့ တကယ်တမ်းတော့ ဒီကနေ့မှာ မအပ်နှံသေးဘူးလို့ ThaiPBS သတင်းမှာ ဖော်ပြပါတယ်။

Source: Thairath / One News TV / Thai PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013