
ရခိုင်ပြည်နယ်အတွက် စက်သုံးဆီရရှိရေး အဓိကအားထားနေရတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က ခရိုင်အချို့မှာ စက်သုံးဆီနဲ့ ဂက်စ်ဝယ်ယူခွင့်ကို ကန့်သတ်လိုက်တယ်လို့ မီဇိုရမ်ရောက် ရခိုင်ကုန်သည်တွေက ပြောပါတယ်။
မီဇိုရမ်ပြည်နယ်ရဲ့မြို့တော် အိုက်ဇောအပါဝင် ရခိုင်ကုန်သည်တွေ အဓိကကုန်သွယ်နေကြတဲ့ လောင်တလိုင်ခရိုင်မှာ မတ် ၁၇ ရက် ရက်စွဲနဲ့ ဂက်စ်နဲ့ စက်သုံးဆီ ပြတ်တောက်မှု မဖြစ်စေဖို့ ရောင်းချတာနဲ့ ဝယ်ယူတာတွေကို အကန့်အသတ်နဲ့ လုပ်လိုက်တာလို့ အာဏာပိုင်တွေက ထုတ်ပြန် ထားပါတယ်။
လောင်တလိုင်ခရိုင်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ လောင်တလိုင်ခရိုင်တွင်း ဓာတ်ငွေ့ဝယ်ယူမှုနဲ့ စက်သုံးဆီဝယ်ယူမှုတွေကို ကန့်သတ်ထားပြီး အမှန်တကယ် လိုအပ်ချက်ရှိမှသာ ဝယ်ယူဖို့နဲ့ ကြိုတင်ဝယ်ယူမှုတွေကိုလည်း အနည်းဆုံး ၂၅ ရက် ကြိုတင်မှာယူရမယ်လို့ ဖော်ပြထားပါတယ်။
မတ် ၂၀ ရက်အထိ လောင်တလိုင်ခရိုင်အတွင်းမှာ စက်သုံးဆီ ဝယ်ယူရရှိနေပေမဲ့ ဈေးနှုန်း မြင့်တက် သွားသလို နောက်ဆိုရင် ကန့်သတ်တာတွေ လုပ်လာနိုင်တယ်လို့ လောင်တလိုင်ရောက် ရခိုင်ကုန်သည် အမျိုးသားတယောက်က ပြောပါတယ်။
“လောင်တလိုင်မှာ အစိုးရဘက်က စက်သုံးဆီနဲ့ ဂက်စ်ရောင်းချမှုတွေကို ထိန်းချုပ်စာ ထုတ်ထား တာတော့ တွေ့ပါတယ်။ မတ်လ ၂၀ ရက်နေ့အထိတော့ စက်သုံးဆီက ဝယ်လို့ရသေးတယ်။ ဒါပေမဲ့ ဆီဈေးမြင့်တက်သွားတာရှိတယ်။ အရင်က စက်သုံးဆီတပေပါကို လောင်တလိုင်မှာ ကျပ်ငွေ ၉ သိန်းဝန်းကျင်ကနေ အခု ၁၂ သိန်းကျပ်အထိ မြင့်တက်လာတာရှိတယ်။ နောက်ဆိုရင်တော့ စက်သုံးဆီ ပြတ်တောက်ပြီး ရောင်းချတာတွေကို ကန့်သတ်မှုတွေ လုပ်ကောင်း လုပ်လာနိုင်တယ်။ ဆီဆိုင်ပိုင်ရှင်တွေကိုလည်း ပြည်နယ်အစိုးရက အစည်းအဝေးတွေ ဆက်တိုက် ခေါ်နေတာတွေ လည်း ရှိတယ်” လို့ ပြောပါတယ်။
လောင်တလိုင် ခရိုင်အစိုးရရဲ့ထုတ်ပြန်ချက်မှာတော့ ပြည်သူတွေအနေနဲ့ စက်သုံးဆီကို မလိုအပ်ဘဲ ဝယ်ယူစုဆောင်းထားတာတွေ မလုပ်ကြဖို့နဲ့ အိန္ဒိယဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရရဲ့ လမ်းညွှန်ချက် တွေကို လိုက်နာကြဖို့ ဖော်ပြထားပါတယ်။
အရှေ့အလယ်ပိုင်းမှာ အီရန်-အမေရိကန် စစ်ပွဲဖြစ်ပွားပြီးနောက် ကမ္ဘာတဝန်းလုံးမှာ စက်သုံးဆီ ဈေးနှုန်းမြင့်တက်တာတွေ၊ ရောင်းချမှု ကန့်သတ်တာတွေကို ဆက်တိုက်လုပ်လာနေကြပါတယ်။
မတ်လအစောပိုင်းမှာ ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေမှာ စက်သုံးဆီ ဈေးနှုန်းတွေကို ဆီကုန်သည်တွေက ဈေးနှုန်းမြင့်တင်ပြီး ရောင်းချခဲ့ကြပေမဲ့ အာဏာပိုင်တွေက ပြန်လည်ထိန်းညှိခဲ့တာကြောင့် စက်သုံးဆီဈေးနှုန်း ပြန်လည်ကျဆင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီဇိုရမ်ပြည်နယ်မှာ စက်သုံးဆီရောင်းချမှု ကန့်သတ်လိုက်တာဟာ ရခိုင်ပြည်သူတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ နောက်ထပ် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။
“အိန္ဒိယဘက်က စက်သုံးဆီရောင်းချမှု တချို့ကို ကန့်သတ်လိုက်ရင် ရခိုင်ပြည်အပေါ်မှာလည်း သက်ရောက်မှု ကြီးနိုင်တယ်။ စက်သုံးဆီ ပြတ်တောက်တာတွေ၊ ဈေးနှုန်းမြင့်တက်လာတွေ ဖြစ်လာ နိုင်တယ်။ အစိုးရအနေနဲ့ စနစ်တကျတခု ပြင်ဆင်ထားဖို့ လိုအပ်တယ်။”
ရခိုင်ပြည်နယ်ဟာ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီက ကုန်သွယ်ခွင့် ပိတ်ပင်ထားတာကြောင့် စက်သုံးဆီ ရရှိဖို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က အဓိက တင်းသွင်းနေကြတာလည်း ဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ စက်သုံးဆီတပေပါကို ကျပ်ငွေ ၁၆ သိန်းအထိ ပေါက်ဈေးရှိပြီး နေ့စဉ်နဲ့ အမျှ ဈေးနှုန်းပြောင်းလဲမှုတွေ ရှိနေတယ်လို့ ဆီကုန်သည်တွေက ပြောပါတယ်။










