
စစ်ကိုင်းတိုင်း မုံရွာမြို့ ပြည်ထောင်စုလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်တာကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က G2 ဗိုလ်မှူးကြီး တင်ကိုအပါအဝင် ဗိုလ်ကြီး ၂ ဦးသေတယ်လို့ Democratic Guerrilla Force (D.G.F) ဆီက သိရပါတယ်။
တော်လှန်ရေးတပ်တွေဟာ ဒီဇင်ဘာ ၇ ရက် ညမှာ မုံရွာမြို့ ရေဦးဆန်ဆိုင်ဂိတ်ကို ဝင်ရောက် တိုက်ခဲ့ပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်ဘက်ရေးရာလုံခြုံရေးဌာနမှူး G2 ဗိုလ်မှူး ကြီးတင်ကို လိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်တာလို့ ဆိုပါတယ်။
Democratic Guerrilla Force (D.G.F) တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “တိုက်ပွဲဖြစ်ပွားပြီး မုံရွာမြို့အတွင်း စစ်ကူအမှတ် ၁ စခန်းနဲ့ အမှတ် ၂ စခန်းက စစ်ကူအကုန်ထွက်လာတာ ကျနော်တို့ ရဲဘော်တွေ ပြန်ဆုတ်လာချိန်မှာ ဖရဲသီးနဲ့ မြေပြင်သတင်းသမားတွေဆီကနေ အကောင်ကြီး တကောင်ပါသွားပြီလို့ သတင်းတွေဝင်လာရာကနေ ဆက်ထောက်လိုက်လို့ တပ်တွင်းနီးစပ်သူတွေဆီကနေ G2 ဆိုတာ သိရတာပါ။ ကင်းပုန်းတွေက တရစပ်ပစ်ကူပေးနေလို့ ကျနော်တို့ လက်နက်ကောက်ချိန် မရလိုက်ဘူးဗျ” လို့ DVB ကို ပြောပါတယ်။
G2 ဗိုလ်မှူးကြီး တင်ကိုနဲ့အတူ မုံရွာမြို့တော်ခန်းမက ဗိုလ်ကြီး စီုးမင်းဦး၊ မုံရွာမြို့အမှတ် ၁ ရဲစခန်း စစ်ကြောရေးအရာရှိ ဗိုလ်ကြီးတယောက်တို့ လိုက်ပါစီးနင်းလာတဲ့ ကား ၂ စီးကို မုံရွာမြို့အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး G2 လိုက်ပါလာတဲ့ကား မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ရှေ့ကားက ယာဥ်မောင်း မောင်ဇော်နဲ့ လိုက်ပါလာသူ ၂ ယောက် အသက်ရှင်လွတ်မြောက်သွားပြီး ပြည်ထောင်စုလမ်းမှာရှိတဲ့ စစ်ကောင်စီကင်းပုန်းတွေ ပြန်လည်ဝိုင်းဝန်းပစ်ခတ်ခဲ့သလို ပစ်ခတ်မှုဖြစ်တဲ့နေရာကို အရေးပေါ်ကားတစီးနဲ့ စစ်ကူကား ၂၈ စီး၊ သံပြားကား ၁၀ စီး၊ ရဲကားကြီး ၂ စီး၊ ပွိုင့်ကား တစီး၊ ပွိုင့် 5 ပါကား ၂ စီး စစ်ကူလာခဲ့တဲ့အပြင် နမခကနေ ပါရာမိုရာ စက်တပ်လေထီး တစီးအပါအဝင် မအူဂိတ်နဲ့ တောရကျောင်းဂိတ်တွေကနေ လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
“ပစ်ခတ်မှုပြီးနောက်တော့ စကစ ရဲ့လှုပ်ရှားမှုတွေကတော့ မြို့တွင်းရော မြို့ပြင်မှာတော့ အင်အားများများစားစားနဲ့ ကင်းပတ်တာတွေ ဆဲဆိုကြိမ်းမောင်း ပြောဆိုနေတာတွေ၊ နေရာတော်တော်များများ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတာတွေရှိတယ်။ ကင်းပတ်တာတွေကတော့ စစ်ကြောင်းထိုးနိုင်လောက်တဲ့ အင်အားရှိတယ်။”
တိုက်ခိုက်မှုကို Democratic Guerrilla Force (D.G.F)၊ Black Falcon၊ DEmocratic Local Coalition (DLC)၊ BLDF စစ်ဒေသ (၂)၊ PLA၊ Three Star၊ သွေးသောက်ညီကိုတော်လှန်ရေးတပ်ဖွဲ့၊ ဘာမထီတော် လှန်ရေးတပ်ဖွဲ့၊ Mon Ywa Undergrown Force၊ Moe Hein Defense Force၊ Liger Three၊ Mon Ywa Brother Attack Force နဲ့ Golden Eagle အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စစ်ဘက်ရေးရာလုံခြုံရေးဌာနမှူး G2 ဗိုလ်မှူး ကြီးတင်ကို သေဆုံးတယ်ဆိုတဲ့သတင်းကိုတော့ DVB အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။










