DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ပေါ်တာဆွဲကြမ်းသဖြင့် ဒေသခံများ အိမ်ပြင်ထွက်ရန် စိုးရိမ်နေရ
သီရိ
·
October 22, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အခု အောက်တိုဘာလအတွင်း စစ်အာဏာရှင်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုတွေများနေလို့ ဒေသခံတွေအနေနဲ့ အပြင်ထွက် အလုပ်လုပ်ဖို့တောင် စိုးရိမ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

အနောက်မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့မှာ စစ်မှုထမ်း ဉပဒေပြဋ္ဌာန်းပြီကတည်းက တခြားမြို့တွေထက် ပေါ်တာဆွဲဖမ်းဆီးမှုတွေ များနေတာပါ။

အခု အောက်တိုဘာလထဲမှာတော့ ပေါ်တာဆွဲဖမ်းဆီးမှုတွေက အရင်ကထက် သိသိသာသာ များလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာတော့ အလုပ်သွားချိန် မနက်ခင်း ၉ နာရီဝန်းကျင်နဲ့ အလုပ်ဆင်းချိန် ညနေ ၅ နာရီဝန်းကျင်မှာ စစ်အာဏာရှင်တပ်သားတွေက ကားတွေနဲ့ ကင်းပတ်ပြီး အမျိုးသားတွေကို ဖမ်းဆီးသွားတာလို့ မြို့ခံတွေက ပြောပါတယ်။ 

ဒီအခြေအတွေကြောင့် မုံရွာမြို့ထဲက ပြည်သူတွေနဲ့ ဆားလင်းကြီးနဲ့ ချောင်းဦးမြို့နယ်ဘက်ကနေပါ မုံရွာမှာ အလုပ်လာလုပ်ကြသူတွေတောင် အလုပ်မလာရဲတဲ့ အခြေအနေဖြစ်နေတယ်လို့ မုံရွာမြို့ခံ တယောက်က ပြောပါတယ်။ 

“စက်မှုဇုန်လမ်းဘက်ပေါ့၊ ကြာဆံစက်တွေ၊ ပဲခွဲစက်တွေလေ။ အဲဒီဘက်တွေက လမ်းကြားတွေ များတယ်။ လမ်းကြားတွေများတာက သူတို့က ဝုန်းဆို ရောက်လာတာ မဟုတ်ဘူး၊ လမ်းကြားလေး ကွယ်ပြီး နေကြတာ။ တချို့တွေကျတော့လည်း အဲဒီဘက်က ဆွဲတယ်ဆိုတော့ ကွေ့ပတ်ပြီးတော့ စီးကြတာပေါ့။ မသိတဲ့လူကျတော့လည်း ရုတ်တရက်ဆိုတော့ မရှောင်နိုင်ဘူးပေါ့။ အပြင်ထွက်တာတောင် ကိုယ့်ကိုဆွဲမလားပေါ့။ အိမ်ပြန်ရောက်မှဘဲ မဆွဲဘူးဆိုတာ သိရတယ်။ ဆွဲမိတုန်းတော့ အကုန်လုံး နည်းနည်း အသက်ကြီးရင် ပြန်လွှတ်တယ်၊ အသက်ငယ်တာတွေတော့ ခေါ်သွားတာပေါ့၊ မြို့ထဲကတော့ ယောကျာ်းလေးကို မရှိသလောက်ဘဲ။”

မြို့ပေါ်က လူစည်ကားတဲ့ နေရာတွေ၊ ဈေးတွေ၊ ဆိပ်ကမ်းတွေမှာပါ နေ့စဉ်ဆိုသလို ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ မုံရွာမြို့နယ်မှ တော်လှန်ရေး တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

“အခုဟာက အိမ်ထဲထိ ဝင်ဆွဲတဲ့ အခြေအနေဖြစ်နေတာဗျ။ မနက်ခင်းအလုပ်သွားတွေ၊ ညနေ အလုပ်သွားတွေမှာ ‌စောင့်ပြီးတော့ ဆွဲတာ။ ကျနော်တို့ လက်ရှိသိသလောက်ကတော့ ရာဂဏန်းနီးပါးလောက် ရှိပြီ။ ကျနော်တို့ ဒီအလုပ်ရုံ စက်ရုံတွေမှာ လမ်းကနေ စောင့်ဆွဲတာမျိုးတွေ၊ အလုပ်သွားအလုပ်ပြန်အချိန်တွေမှာ အတော်များများတော့ Light Truck နဲ့ ပတ်နေတာပဲ။ ကျောက္ကာလမ်းတွေတို့ ဘာတို့ လမ်းကြိုလမ်းကြားကအစ Light Truck နဲ့ ပတ်နေပြီး ဆွဲတင်သွားတာပဲ။ ၁၄ ရက်နေ့ ညနေကလည်း အလုပ်က ပြန်လာတဲ့ ၂ ယောက်ကို ပတ်ကင်းနဲ့ ကားနဲ့ပတ်ပြီးတွေ့ရင် တွေ့သလို ဆွဲတင်သွားတာ။” 

မုံရွာမြို့ပေါ်မှာ ပေါ်တာဆွဲ ဖမ်းဆီးမိတဲ့သူတွေကို မုံရွာနမခထဲကို ခေါ်ဆောင်သွားပြီး အဲဒီကနေမှတဆင့် စစ်ကိုင်းတပ်မ ၃၃ က စစ်သင်တန်းကို ပို့ဆောင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေက ဖမ်းဆီးခံရသူတွေကို ငွေနဲ့ လိုက်ရွေးကြတာရှိသလို အများစုကတော့ ငွေနဲ့ ပြန်ရွေးခွင့် မရကြဘူးလို့ ဆိုပါတယ်။

မုံရွာမြို့တင်မက မုံရွာနဲ့ အနီးဆုံးဖြစ်တဲ့ ချောင်းဦးမြို့နယ်မှာလည်း အောက်တိုဘာလအတွင်း ပေါ်တာဆွဲဖမ်းဆီးမှုတွေ များလာတဲ့အကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက ပြောပြပါတယ်။

“ပါသွားတဲ့ အရေအတွက် ဘာညာတော့ အတိအကျမသိရဘူး။ သူတို့က လူစုံ ဆွဲတာဗျ။ မထင်ရင် မထင်သလို မြို့ထဲသူတို့ မြို့တွင်းလုံခြုံရေးအတွက် စစ်ဆေးရေးအရ စစ်ရင်းနဲ့ လူငယ်ဆိုရင် တခါတည်း ပေါ်တာဆွဲထားတဲ့သဘောဗျ။ အိမ်တွေထဲ ဝင်ဆွဲတာမျိုး၊ ရပ်ကွက်တွေထဲ လုံခြုံရေးအရ ကင်းပတ်တာမျိုး၊ မသင်္ကာဘူးထင်တဲ့အိမ်တွေ ဝင်ပြီး လူငယ်ရှိရင် ပေါ်တာဆွဲ ဖမ်းဆီးတာမျိုးပေါ့။”  

စစ်အာဏာရှင်တပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်လာတာ အပတ်စဉ် ၂၉ အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013