
စစ်အာဏာရှင်ရဲ့ အဓမ္မဖမ်းဆီး အကျဉ်းချခံထားရတဲ့ ပြည်သူရွေးကောက်တင်မြှောက်ခံ သမ္မတကြီး ဦးဝင်းမြင့် ဧပြီ ၁၇ ရက် ဒီနေ့မနက်မှာ တောင်ငူအကျဉ်းထောင်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာပြီးနောက် မိသားစုထံကို ပြန်လည်ရောက်ရှိလာပါပြီလို့ သိရပါတယ်။
မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် စစ်အာဏာရှင်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လျှော့ပေါ့ခွင့်တွေ ပေးရာမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လည်း တောင်ငူထောင်ကနေ ပြန်လွတ်မြောက်လာတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က “အပြင်ပန်း အမြင်အရတော့ ကျန်းမာရေးကောင်းတယ်လို့ ပြောလို့ရပါတယ်။ အခု နေပြည်တော်မှာ ငှားထားတဲ့အိမ်ကို မိသားစုနဲ့အတူ ပြန်ရောက်နေပါပြီ။ ကျနော်တို့နဲ့လည်း နှုတ်ဆက်စကား ပြောပြီးပါပြီ။ သူက ၅ ပါးသီလ လုံအောင်နေသူဖြစ်ပြီး ဘာပြစ်မှုမှ ကျူးလွန်ထားတာ မရှိဘူးလို့ ကျနော်တို့ကို ပြောပါတယ်။ ပြန်လွှတ်ပေးဖို့ကို သူတို့က ဘာမှကြိုပြောမထားဘူး၊ နေ့လယ် ၁၂ ခွဲလောက်မှာ ထောင်တာဝန်ရှိသူတွေက လာခေါ်ပြီး လွှတ်ပေးတာလို့ ပြောပါတယ်။ ကျနော့်အမြင်ကတော့ လွှတ်ပေးတာကောင်းတာပေါ့၊ မိသားစုအတွက်ရော သူ့အတွက်ရော။ ဒါပေမဲ့ တကယ်ပြောင်းလဲဖို့လိုအပ်တဲ့ စိတ်သဘောထားနဲ့ နိုင်ငံအတွက် အပြောင်းအလဲတွေကတော့ ကျန်နေပါသေးတယ်” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းတဲ့မနက် အစောပိုင်းမှာကတည်းက သမ္မတဦးဝင်းမြင့်ကို ထိန်းသိမ်းခဲ့တာပါ။
သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက အဂတိအမှု ၄ မှု၊ ပုဒ်မ ၁၃၀-က တို့နဲ့ စုစုပေါင်း ထောင်ဒဏ် ၉နှစ်ခွဲ ကျန်ရှိနေချိန်မှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
သုတချမ်းသာ










