DVB Logo
Home
Lead Story
မြန်မာကို ကမ္ဘာကသိစေချင်တဲ့ ကြိုးဝိုင်းထဲက ဂျိုရှုဗန်
DVB
·
December 10, 2025
မြန်မာကို ကမ္ဘာကသိစေချင်တဲ့ ကြိုးဝိုင်းထဲက ဂျိုရှုဗန်
Donate to DVB

"The Fearless" အကြောက်တရားကင်းသူလို့ တင်စားကြတဲ့ "ဂျိုရှုဗန်" (Joshua Van) တယောက် ကြိုးဝိုင်းထဲကို ခြေချလိုက်တဲ့အခါတိုင်း သူတယောက်တည်းအတွက် တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ အဲဒီထက် အများကြီးပိုပါတယ်။

သူဟာ အသက် ၂၃ နှစ်ရှိပါပြီ။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံအနောက်ဘက် တောင်တန်းဒေသ ချင်းပြည်နယ်ကပါ။ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက သူ့မွေးရပ်မြေမှာ ပဋိပက္ခတွေ ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။

သူဟာ Ultimate Fighting Championship (UFC) မှာ လက်ရှိထိုးသတ်နေတဲ့ တဦးတည်းသော မြန်မာပြည်ဖွား ဖိုက်တာယောက် ဖြစ်ပါတယ်။ "ကျနော် ပိုအောင်မြင်လေ၊ ကမ္ဘာက မြန်မာကို ပိုသိလေ ဖြစ်မှာပါ" လို့ သူက မျှော်လင့်နေပါတယ်။ မြန်မာပြည်က အခက်အခဲတွေကို ကမ္ဘာက သတိထားမိလာအောင် သူလုပ်ချင်နေတာပါ။ မကြာခင်ကပဲ သူ အခွင့်အရေးရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့၊ လာ့စ်ဗီးဂပ်စ်မြို့မှာ ပရိသတ်အပြည့်နဲ့ ကျင်းပတဲ့ပွဲမှာ သူ သမိုင်းသစ်တခု ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက UFC ရဲ့ နံပါတ် ၁ ဖလိုင်းဝိတ်တန်း ကစားသမား ဘရန်ဒန် ရွိုင်းဗယ်ကို အမှတ်နဲ့ အနိုင်ယူခဲ့တာပါ။

အဲဒီနိုင်ပွဲကြောင့် လက်ရှိချန်ပီယံ ဘရာဇီးက အလက်ဇန္ဒြားပန်တိုဂျာကို စိန်ခေါ်ခွင့် ရသွားပါပြီ။ သူဟာ UFC ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှသား ဖြစ်လာတော့မှာပါ။

တကယ်တော့ သူဟာ ဒဏ်ရာရသွားတဲ့ ကစားသမား မန်နယ်လ်ကိတ်အစား ဝင်ထိုးခဲ့တာပါ။ ပြင်ဆင်ချိန် ၃ ပတ်တောင် မပြည့်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့နိုင်ပွဲက MMA လောကကို လှုပ်ခတ်သွားစေခဲ့ပါတယ်။

ဒီပွဲဟာ UFC သမိုင်းမှာ ကစားသမားနှစ်ယောက်စလုံး "အထိနာစေတဲ့ ထိုးချက်" (significant strikes) တွေကို အကြိမ် ၂၀၀ ကျော်စီ ထိုးခဲ့ကြတဲ့ ပထမဆုံးပွဲပါ။ ဒါကြောင့် "Fight of the Night" (ညရဲ့အကောင်းဆုံးပွဲ) ဆုအနေနဲ့ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ စီ အပိုဆု ရခဲ့ကြပါတယ်။

အလံလွှမ်းခြုံခွင့်

UFC မှာ စထိုးတဲ့ ပထမ ၆ ပွဲတုန်းက ဗန်ဟာ မြန်မာအလံကို ပြိုင်ပွဲရှိရာဆီ ယူဆောင်သွားခွင့် မရခဲ့ပါဘူး။ အမေရိကန်နိုင်ငံသား ဖြစ်နေပေမဲ့ သူက မြန်မာအလံနဲ့ပဲ ထိုးတာပါ။

အဲဒီလို ဘာလို့ခွင့်မပြုလဲဆိုတာ သူလည်းမသိပါဘူး။ ဒါပေမဲ့ မတ်လတုန်းကပွဲမှာတော့ ပထမဆုံးအကြိမ် ပခုံးပေါ်မှာ အလံလွှမ်းခြုံခွင့် ရခဲ့ပါတယ်။

တက္ကဆက်ပြည်နယ်ကနေ ဗီဒီယိုနဲ့ အင်တာဗျူးတဲ့အခါ ဗန်က "ပြိုင်ပွဲထဲ အလံယူခွင့်ရအောင် ကျနော် ကြိုးစားခဲ့ရတာပါ။ ကမ္ဘာကို အဲဒီလို ပြခွင့်ရတာ ကျနော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်" လို့ ပြောခဲ့ပါတယ်။

"ကျနော့်လူမျိုး၊ ကျနော့်နိုင်ငံအတွက် တိုက်ပွဲဝင်နေတယ်လို့ ခံစားရပါတယ်။ ကျနော် ဘယ်ကလာတယ်၊ မြန်မာဆိုတာ ဘာလဲဆိုတာ လူတွေကို သိစေချင်ပါတယ်။” "ကျနော် ပိုအောင်မြင်လေ၊ မြန်မာအကြောင်း လူသိလေ ဖြစ်မှာပါ။ အဲဒီလိုဖြစ်ဖို့ ကျနော် ပိုကြိုးစားရပါမယ်”လို့ ဗန်က ပြောပါတယ်။

၂၀၂၃ မှာ UFC စရောက်ကတည်းက သူ့ရဲ့ အားပြင်းတဲ့ ထိုးချက်တွေနဲ့ အဆင့်တွေ တက်လာခဲ့တာပါ။ လက်ရှိမှာ ၈ ပွဲနိုင် ၁ ပွဲရှုံး မှတ်တမ်း ရထားပါတယ်။

UFC ရဲ့ ဒုတိယဥက္ကဋ္ဌ ကီဗင်ချန်ကတော့ "ကြည့်ရတာ အရမ်းမိုက်တယ်။ မြန်မာပရိသတ်တွေအတွက် စစ်မှန်တဲ့ အားကစားပြယုဂ် (Icon) တခုဖြစ်လာပါပြီ" လို့ ချီးကျူးပါတယ်။

ဘဝခရီးကြမ်း

"ဂျိုရှုဗန်" ရဲ့ဇာတိက ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးပါ။ သူ့မှာ အမ ၃ ယောက်၊ ညီမ ၁ ယောက် ရှိပါတယ်။ နိုင်ငံရေးပဋိပက္ခတွေကြောင့် သူ့အသက် ၉ နှစ်လောက်မှာ မိသားစုနဲ့အတူ မလေးရှားကို ထွက်ပြေးခဲ့ရပါတယ်။

နောက် ၂ နှစ်လောက်ကြာတော့ ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်၊ တက္ကဆက်ပြည်နယ် ဟူစတန်ကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ MMA စကစားခဲ့ပြီး ၂၀၂၀ မှာ အပျော်တန်း စထိုးခဲ့တာပါ။

သူဟာ အမိမြန်မာပြည်နဲ့ ဝေးနေသူတယောက် ဖြစ်ပေမဲ့ ကျန်ခဲ့တဲ့ ဆွေမျိုးတွေကတဆင့် မြန်မာပြည်အခြေအနေကို အမြဲနားစွင့်နေပါတယ်။

သူ့မွေးရပ်မြေအကြောင်း ကမ္ဘာကို ဘာပြောချင်လဲလို့ မေးတဲ့အခါ ဗန်က အခုလို ဖြေပါတယ်။

"မြန်မာနိုင်ငံဟာ အရင်က အင်အားကြီးပြီး လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုပါ။ စစ်အာဏာသိမ်းပြီးမှ တိုင်းပြည်ဟာ အကုန်ပျက်စီးသွားတာ ဆိုတာ လူတွေကို နားလည်စေချင်ပါတယ်။"

"ဒါပေမဲ့ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်နေတုန်းပါပဲ။ အောင်ပွဲရတဲ့အထိ ကျနော်တို့ ရုန်းကန် တိုက်ပွဲဝင်သွားမှာပါ။ ကျနော်ကလည်း အဲဒီဖြစ်စဉ်ရဲ့ သာဓကတခုပါပဲ။”

"ကျနော် ရှုံးနိမ့်ခဲ့ဖူးတယ်။ ဒါပေမဲ့ ပြန်ထပြီး ရှေ့ဆက်ခဲ့တယ်။"

ချန်ပီယံမျှော်လင့်ချက်

ကျွမ်းကျင်သူတချို့ကတော့ "The Cannibal" (လူသားစားသူ) လို့ နာမည်ပြောင်ပေးထားတဲ့ ပန်တိုဂျာနဲ့ပွဲမှာ၊ ဂျိုရှုဗန် အနေနဲ့ လုံးထွေးတိုက်ခိုက်မှုအပိုင်း အားနည်းနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ဗန် ကတော့ သူ့မှာ အနိုင်ယူနိုင်မဲ့ အခွင့်အရေး ရှိနေသေးတယ်လို့ ယုံကြည်နေဆဲပါ။

ဗန်ကတော့ ယုံကြည်မှု ရှိနေပါတယ်။

"ကျနော်က ပြိုင်ပွဲတွေအတွက် အမြဲ ယုံကြည်မှုရှိတယ်။ ဒီပွဲလည်း အတူတူပါပဲ။ ယှဉ်ပြိုင်မယ်၊ လုပ်စရာရှိတာ လုပ်မယ်၊ ခါးပတ်ယူမယ်။ ဒါပါပဲ။"

"ကျနော်သာ အောင်မြင်ခဲ့ရင် ကမ္ဘာ့ထိပ်ဆုံးရောက်သွားသလို ခံစားရမှာပါ။ မြန်မာနိုင်ငံအကြောင်း လူတိုင်းသိအောင် လုပ်ပြချင်ပါတယ်။ အဲဒါက ကျနော့်အတွက် အရာအားလုံးပါပဲ။"

(လတ်ဗီးဂပ်စ်မှာ ဒီဇင်ဘာ ၇ ရက်က ကျင်းပတဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ခါးပတ်လုပွဲမှာတော့ မြန်မာကိုယ်စားပြု ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှုဗန်က လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာ ပန်တိုဂျာကို ပထမအချီ  ၂၆ စက္ကန့်မှာပဲ အနိုင်ရပြီး UFC ရွှေခါးပတ်ရတဲ့ ပထမဆုံး အာရှသား  ချန်ပီယံတယောက် ဖြစ်လာခဲ့ပါပြီ။) 

ဒီပန်ရာ့ဂျ် ဂနေဆန်

Ref: The Straits Times

(စင်ကာပူအခြေစိုက် The Straits Times ဝက်ဘ်ဆိုက်မှာ Deepanraj Ganesan ရေးသားထားသည့် “UFC fighter Joshua Van hopes his success will put spotlight on Myanmar crisis” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။  ယခုဆောင်းပါးသည်   ဂျိုရှုဗန်နဲ့ ပန်တိုဂျာတို့ ပွဲစဉ်မတိုင်ခင် ရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013