DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဘိလပ်မြေတင်ကားများကို နယ်လုံနှင့် ပြည်နယ်ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြု
DVB
·
December 10, 2025
စစ်ကောင်စီက ဘိလပ်မြေတင်ကားများကို နယ်လုံနှင့် ပြည်နယ်ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြု
Donate to DVB

မန္တလေး–မြစ်ကြီးနားလမ်း နန့်စီးအောင်ဂိတ်မှာ စစ်ကောင်စီက ဘိလပ်မြေတင် ကားတွေကို ဒီဇင်ဘာလဆန်းပိုင်းကစပြီး နယ်လုံနဲ့ တိုင်းဖြတ်သန်းခွင့် တင်ခိုင်းကြောင်း ကုန်သည်၊ ယာဉ်မောင်းတွေဆီက သိရပါတယ်။

မြစ်ကြီးနားကို တင်လာတဲ့ ဘိလပ်မြေတွေက ခါတိုင်း မန္တလေး စွယ်တော်ကားကြီးဝင်းက စာရွက်စာတမ်းတွေနဲ့ သွားလို့ရပေမဲ့ အခုတခေါက်ကစ တိုင်းဖြတ်သန်းခွင့်၊ နယ်လုံထောက်ခံစာ ပါမှ သွားလို့ရမယ်လို့ သတ်မှတ်ထားကြောင်း ယာဉ်ပိုင်ရှင်တယောက်က ပြောပါတယ်။

“ကျနော်တို့က နယ်လုံထောက်ခံချက် ယူလိုက်တယ်။ နန့်စီးအောင် ရောက်တော့ နယ်လုံထောက်ခံချက် ပါတဲ့ကားတွေက တိုင်းဖြတ်သန်းခွင့် တင်ရမယ်တဲ့။ ကျနော်တို့ ကားတွေဆို လေးငါးရက်လောက် ကြာနေပြီ။”

တိုင်းဖြတ်သန်းခွင့်တင်တာက အခမဲ့ဖြစ်ပေမဲ့ ခွင့်ပြုမိန့်ကျဖို့ စောင့်ဆိုင်းရတာ ရက်ကြာနေကာ တရက်ကို ကားတစီးအတွက် စားစရိတ် ၅၀,၀၀၀ ရှိတာကြောင့် စရိတ်ထောင်းနေတယ်လို့ သူက ပြောပါတယ်။

“နယ်လုံစာရွက်ကျတော့ မြစ်ကြီးနား နယ်လုံဝန်ကြီးဆီမှာ လျှောက်ရတယ်။ တိုင်းပတ်စ်ကျတော့ ကျနော်တို့ကား နန်စီးအောင် ရောက်တဲ့အခါကျတော့ ခေါင်းပေါင်းပေါ့၊ တပ်က ဗိုလ်မှူးတယောက်လေ၊ အဲဒီဗိုလ်မှူးကနေပြီး တိုင်းကို Viber နဲ့ လှမ်းသတင်းပို့တာပေါ့။ ဟိုဘက်က ခွင့်ပြုမှ ကားဖြတ်လို့ရမှာ။”

တိုင်းဖြတ်သန်းခွင့်တင်ဖို့ ကုန်တင်ပြီးရင် ကားဆရာနဲ့ ကားရှေ့မှာ ဓာတ်ပုံတပုံ၊ ကားနောက် တပုံ၊ ကုန်ပစ္စည်း တပုံ၊ စွယ်တော်ကားဝင်းက ပေးတဲ့ မျှောစာ တစုံ၊ နယ်လုံဝန်ကြီးပေးတဲ့ စာတစုံ လိုအပ်တယ်လို့ သူကပြောပါတယ်။

နယ်လုံထောက်ခံချက်မပါရင် လမ်းက ပြည်သူ့စစ်ဂိတ်တွေက ကားတစီးကို ၃ သိန်းကနေ ၅ သိန်းအထိ တောင်းနေတာလို့ ဆိုပါတယ်။

ကုန်တင်ယာဉ်မောင်းတယောက်က “ခုက သက်သက်ကို ရစ်နေတာ။ သွားရလာရ ကျပ်အောင်လုပ်တာ။ အမှန်က ပိုက်ဆံပါပဲ။ ဘိလပ်မြေဆိုတာ မြန်မာနိုင်ငံမှာထုတ်ထားတဲ့ ပစ္စည်းပဲလေ။ နိုင်ငံခြားကနေသွင်းတဲ့ ပစ္စည်းမှ မဟုတ်တာ။ ဘာထောက်ခံစာ လိုလို့လဲ” လို့ ပြောပါတယ်။

ထောက်ခံစာတခုတောင်းလို့ ပေးရင် နောက်တခု ထပ်တောင်းပြီး ရှိသမျှကို ထောက်ခံစာ လိုက်တောင်းနေပြီး တောင်းတဲ့ထောက်ခံစာ မပါရင် ငွေတောင်းတယ်လို့ သူက ပြောပါတယ်။

ဘိလပ်မြေတွေက ပြည်တွင်းထွက်ကုန် ဖြစ်တဲ့အပြင် တရားဝင် အခွန်ဆောင်ပြီး တင်ဆောင်ကြတာ ဖြစ်ပေမဲ့ ‌ရပ်ကွက်ထောက်ခံစာ၊ ဆိုင်ထောက်ခံစာတွေကအစ ပေးရတယ်လို့ သူက ပြောပါတယ်။

မန္တလေး-မြစ်ကြီးနား လမ်းမှာ ဂိတ်ပေါင်း ၆၈ ဂိ‌တ်လောက်ရှိပြီး တရားဝင်ဖွင့်ထားတဲ့ ဂိတ်က နန့်စီးအောင်နဲ့ ၂၁ မိုင်သာရှိကာ တရားဝင် ငွေ ဆောင်ကိုဆောင်ရမယ်ဆိုတဲ့ဂိတ် တဂိတ်မှ မရှိပေမဲ့ ငွေမပေးရတဲ့ဂိတ်လည်း တဂိတ်မှ မရှိဘူးလို့ ကုန်သည်၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013