
လုံခြုံရေးအရသွားလာရခက်ခဲတဲ့ဒေသတွေမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ ထောက်ခံချက်တွေနဲ့ မော်တော်ယာဥ်တွေကို သက်တမ်းတိုးနိုင်ဖို့ ဖြေလျှော့ ဆောင်ရွက် ပေးသွားမယ်လို့ စစ်အာဏာရှင်ခန့် ပို့ဆောင်ရေးဒုဝန်ကြီး ဦးအောင်မြိုင်က နိုဝင်ဘာ ၁၃ ရက်က ကျင်းပတဲ့ စစ်အာဏာရှင်ဩဇာခံ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
စစ်ကိုင်းတိုင်း မဲဆန္ဒနယ်အမှတ် ၅ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြတ်ညွန့်ရဲ့ မေးမြန်းမှုကို လွှတ်တော်အတွင်း ပြန်ဖြေကြားရာမှာ ပို့ဆောင်ရေးဒုဝန်ကြီးက ပြောကြားခဲ့တာပါ။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ Road Safety ဖြစ်စေရေးအတွက် လုပ်ငန်း လိုင်စင်ရယူပြေးဆွဲနေတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသယ်တင်ယာဥ်တွေမှ နယ်မြေဒေသအခြေအနေနဲ့ လမ်းခရီးလုံခြုံရေးအခက်အခဲတွေကြောင့် အမှန်တကယ် ယာဥ်မှတ်ပုံတင်သက်တမ်းတိုးဖို့ လာရောက် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့နယ်မြေဒေသတွေက လူစီး မော်တော်ယာဥ်တွေကို သက်ဆိုင်ရာခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေး ကော်မတီရဲ့ ထောက်ခံချက်နဲ့ ယာဥ်မစစ်ဆေးပဲ သက်တမ်းတိုးနိုင်အောင် ဖြေလျှော့ပေးမယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။
ဒ့ါအပြင် အဆိုပါ သက်တမ်းတိုးမဲ့ တချို့မော်တော်ယာဥ်တွေနဲ့ မော်တော်ဆိုင်ကယ်တွေကို ဒေသတွင်း အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ခြင်းမရှိအောင် စနစ်တကျ စိစစ်ပြီးမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းက ထောက်ခံချက်ထုတ်ပေးသင့်တယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။











