
စစ်အာဏာရှင်အစိုးရက ခွင့်ပြန်အလုပ်သမားတွေ ပြန်လည်ထွက်ခွာဖို့အတွက် မူဝါဒတချို့ ပြောင်းလဲပြီး သိမ်းသွင်းတဲ့နည်းလမ်း အသုံးပြုလာတယ်လို့ ပြည်ပရောက်အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
စစ်အာဏာရှင်အစိုးရ အလုပ်သမားဝန်ကြီး အပြောင်းအလဲလုပ်ပြီး ရက်ပိုင်းအကြာမှာ ပြည်ပရောက် အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းရပ်တွေကို ခပ်သွက်သွက် လုပ်လာပါတယ်။
အထူးသဖြင့် လစာထဲက ၂၅ ရာခိုင်နှုန်းလွှဲဖို့ကို အလေးထားလုပ်လာတာဖြစ်ပြီး အရင်ကျင့်သုံးခဲ့တဲ့ လမ်းစဥ်တွေထဲက တချို့ကို ပယ်ဖျက်၊ ပြင်ဆင်မှုတွေနဲ့ လွှဲပို့ငွေတိုးအောင် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
ပြည်ပအလုပ်အကိုင် အေဂျင်စီကိုယ်စားလှယ်တယောက်က “ဦးမောင်မြင့် ပထမဆုံး ကိုင်တွယ်တဲ့ဟာက အလုပ်သမားတွေ အဆင်ပြေရေးအတွက်မဟုတ်ဘဲ စစ်အုပ်စုအတွက် အများကြီး အထောက်အပံ့ဖြစ်ဖို့ ဖြစ်နေတာ” လို့ ပြောပါတယ်။
လက်ရှိမှာ ပြည်ပကနေ ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတွေ ပြန်ထွက်ခွင့်တင်ရင် ပူးတွဲပေးပို့ရတဲ့ သံရုံးထောက်ခံစာနဲ့ အလုပ်ရှင်ဆီကခွင့်စာတို့ ပေးစရာမလိုအပ်တော့ဘူးလို့ စစ်အာဏာရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်မှာ အသိပေး ကြေညာခဲ့ပါတယ်။
ဒါ့အပြင် မိသားစုဆီ ငွေလွှဲပို့တာနဲ့ပတ်သက်လို့ အမိန့်စာထုတ်ခဲ့တဲ့ ၂၀၂၄ ခု သြဂုတ်လကစပြီး လွှဲပို့ခဲ့တဲ့ အထောက်အထားပြရတာကနေ အခု အနီးစပ်ဆုံး လွှဲပို့ခဲ့တဲ့ ၃ လစာအတွက်ပဲ အထောက်အထားပြဖို့ ပြင်ဆင်ခဲ့ပေမဲ့ လစာရဲ့ ၂ ရာခိုင်နှုန်း ဝင်ငွေခွန်ဆောင်ရတဲ့အပိုင်းမှာ တနှစ်စာ သတ်မှတ်လိုက်ပါတယ်။
ဒါက ခွင့်ပြန်တွေအပေါ် ဖြေလျှော့ပေးသယောင်နဲ့ ပြန်လာချင်အောင် ပုံစံပြောင်းပြီး တပတ်ရိုက် သိမ်းသွင်းတာလို့ ပြည်ပရောက်လုပ်သားတွေက ဆိုပါတယ်။
ကိုရီးယားရောက် မြန်မာလုပ်သားတယောက်က “အတင်းဆုံး ကျပ်ထားတာကို တရစ်ချင်း လျှော့တာ လုပ်နေကြအကွက်တွေ။ လုံးဝဖြေချလိုက်တာမှမဟုတ်တာ” လို့ ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံကူးလက်မှတ်၊ သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်/ဗီဇာမိတ္တူ၊ အနည်းဆုံး သက်တမ်းတနှစ်ကျန်ရှိတဲ့ OWIC ကတ် ရှေ့/နောက်မိတ္တူ၊ ပြည်ပထွက်ခွာခွင့်နဲ့ ပြည်ဝင်ခွင့်ပါတဲ့ နိုင်ငံကူးလက်မှတ်မိတ္တူ၊ လေယာဥ်လက်မှတ်မိတ္တူတို့ကိုလည်း အရင်အတိုင်း တင်ပြရမယ်လို့ ကြေညာထားပါတယ်။











