DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယားအားကစားသမားအားလုံး ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲမှ နုတ်ထွက်
DVB
·
December 10, 2025
ကမ္ဘောဒီးယားအားကစားသမားအားလုံး ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲမှ နုတ်ထွက်
Donate to DVB

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား အားကစားသမားအားလုံး လက်ရှိကျင်းပနေတဲ့ ၂၀၂၅ ဆီးဂိမ်းစ် အားကစားပြိုင်ပွဲကြီးမှာ ပါဝင်တော့မှာမဟုတ်ဘဲ နုတ်ထွက်လိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေရဲ့ အကြီးဆုံးပြိုင်ပွဲဖြစ်တဲ့ ၃၃ ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက် မနေ့ညက ဘန်ကောက်မြို့ ရာ့ချ်မုံးခုံး မိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။

ကမ္ဘောဒီးယား အားကစားအဖွဲ့ဝင်တွေဟာ မနေ့က ဖွင့်ပွဲအခမ်းအနားကိုတော့ ပါဝင်ဆင်နွှဲခဲ့ပြီးနောက် ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ပြိုင်ပွဲကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့တာပါ။

ဒီမတိုင်ခင်က နယ်စပ်မတည်ငြိမ်မှုတွေ ရှိခဲ့ပေမဲ့ ကမ္ဘောဒီးယားအနေနဲ့ ထိုင်းမှာလုပ်မဲ့ ဆီးဂိမ်းစ်ကိုတော့ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ဘောလုံးအသင်းတွေကိုတော့ စေလွှတ်မှာ မဟုတ်ကြောင်း အရင်ကတည်းက ပြောဆိုထားပါတယ်။

၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်ဟာ ထိုင်းက အိမ်ရှင်အဖြစ် ကျင်းပတာဖြစ်ပေမဲ့ အာဆီယံနိုင်ငံတွေ စုပေါင်းကျင်းပတာဖြစ်တယ်၊ ကမ္ဘောဒီးယားက ဝင်မပြိုင်ဘူးဆိုရင် အာဆီယံကို သပိတ်မှောက်ရာကျမယ်၊ မလေးစားရာကျမယ်၊ မိမိ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပုံရိပ်ကိုလည်း ထိခိုက်မယ်၊ ဒါကြောင့် အားကစားမောင်မယ် ၃၃၁ ယောက်နဲ့ အားကစားနည်း ၂၁ မျိုးမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကမ္ဘောဒီးယား အားကစားနဲ့ ခရီးသွားဝန်ကြီးဌာနက အရင်က ထုတ်ပြန်ခဲ့ပါတယ်။

မနေ့ကအထိ အားကစားနည်း ၁၂ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အားကစားမောင်မယ် ၁၃၇ ယောက် ရောက်နှင့်နေပြီး ထိုင်းနိုင်ငံရဲ့ လှိုက်လှဲစွာကြိုဆိုမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ ဒါပေမဲ့ အားကစားသမားတို့ရဲ့ အပြန်ခရီး လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်တာကြောင့် နုတ်ထွက်လိုက်ရတာ ဖြစ်ကြောင်း၊ ကျန်ရှိနေသေးတဲ့ အားကစားမောင်မယ်တွေလည်း ပို့လာတော့မှာ မဟုတ်ကြောင်း ကမ္ဘောဒီးယားအားကစားအဖွဲ့က ပြောတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၈ ရက်က စဖြစ်တဲ့ တကျော့ပြန်တိုက်ပွဲကြောင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ၄ ခရိုင်ရှိ ပြည်သူပေါင်း ၁၂၅,၈၃၈ ယောက် ယာယီစစ်ရှောင်စခန်း ၄၉၂ နေရာမှာ ခိုလှုံနေရပြီး မိမိအစီအစဉ်နဲ့ ဆွေမျိုးတွေရှိရာ ထွက်ပြေးသွားကြသူတွေနဲ့ဆိုရင် စစ်ဘေးရှောင်သွားသူတွေ ၄ သိန်းနီးပါးရှိမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source: Thairath / NewOne / 3PLus News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013