DVB Logo
Home
မြန်မာသတင်း
မင်းလက်ပံကျားဖြန့်ရုံက နိုင်ငံခြားသား ၉၀၀ ကျော်ကို ပြန်ပို့ရန် အခက်တွေ့နေ
DVB
·
December 9, 2025
မင်းလက်ပံကျားဖြန့်ရုံက နိုင်ငံခြားသား ၉၀၀ ကျော်ကို ပြန်ပို့ရန် အခက်တွေ့နေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းဘက်က မင်းလက်ပံ အွန်းလိုင်ကျားဖြန့်ငွေလိမ်လုပ်ငန်းက နေရပ်မပြန်လိုတဲ့ နိုင်ငံခြားသား ၉၀၀ ကျော်အတွက် ထိန်းသိမ်းပို့ဆောင်ရေး လုပ်ငန်းတွေမှာ နိုင်ငံတကာက ကူညီတာမရှိဘူးလို့ ဒီဇင်ဘာ ၆ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာအကူအညီမရလို့ ထိန်းသိမ်းထားတဲ့ အလုပ်သမားတွေကို ပြန်လွှတ်ပေးလိုက်တာနဲ့ ကျားဖြန့်ကို ဆက်လုပ်သွားနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေကလည်း ပြောပါတယ်။

အလုပ်သမားအရေးလှုပ်ရှားသူတယောက်က “နောက်ဆက်တွဲက ဘာဖြစ်မလဲဆိုရင် သူတို့ ဒီကနေ အပြင်ရောက်သွားရင် သူတို့က နည်းပေါင်းစုံနဲ့ ဒီကျားဖြန့်မှာ နေရာတနေရာ ခြေကုပ်ယူပြီး ရတဲ့နေရာ တွယ်ကပ်ပြီးတော့ ကျားဖြန့်ကို ဆက်ပြီးတော့ လုပ်သွားမဲ့ပုံစံမျိုးကို ကျနော် မြင်တယ်။ သူတို့က ဒီအလုပ်ပဲ လုပ်တတ်တယ်။ တခြားအလုပ် မလုပ်တတ်တော့ဘူး။ အဲတော့ ဒီအလုပ်ကိုပဲ လုပ်တတ်တာဖြစ်တဲ့အတွက်ကြောင့် သူတို့ နိုင်ငံတကာက တရားဝင်လွှဲပြောင်းတာ ထွက်သွားတာ မဟုတ်ဘဲနဲ့ ဒီအတိုင်းလွှတ်ပေးလိုက်လို့ အပြင်ရောက်သွားတယ်ဆိုရင် တချို့ကျတော့ ဘန်ကောက်ကနေ တန်းပြန်တာရှိမယ်။ တချို့ကျတော့လည်း တရုတ်ဆိုက်ဒ်မှာ ပြန်ပြီးတော့ အလုပ်တွေ ဆက်လုပ်တာမျိုးရှိမယ်” လို့ ပြောပါတယ်။

မင်းလက်ပံ ကျားဖြန့်ရုံမှာ ထိန်းသိမ်းထားတဲ့ တရုတ်တွေဟာ မိမိလမ်းကြောင်းနဲ့ ထွက်ခွာခွင့်ရဖို့ ထိန်းသိမ်းထားတဲ့ သက်သေခံ အထောက်အထားတွေနဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာတွေ ဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။

ဒါကြောင့် ထိန်းသိမ်းထားတဲ့ ကျားဖြန့်အလုပ်သမားတွေကို နယ်မြေလုံခြုံရေး အခြေအနေကြောင့် ကိုယ်ပိုင်အစီအစဥ်နဲ့ ထွက်ခွာခွင့်ပြုလိုက်တယ်လို့ KNU က ဆိုထားပါတယ်။

စစ်ရေးလေ့လာသူတယောက်က “နောက်ဆက်တွဲပြဿနာက ထိခိုက်ဆုံးရှုံးတာတွေ ဖြစ်လာနိုင်တယ်။ သူတို့က သူတို့လက်ထဲမှာ ရောက်ထားပြီးသား သေချာတဲ့ သက်ရှိသက်သေ။ လက်တွေ့လည်း ဂရောင်းမှာ မြေပြင်မှာ အမှန်တကယ်လုပ်ကိုင်ခဲ့ဖူးတဲ့ လူတွေဖြစ်တဲ့အတွက် သူတို့ဆီကနေပြီးတော့ သက်သေအထောက်အထားတွေ အများကြီးကို ရနိုင်တယ်။ ပါဝင်ပတ်သက်နေတယ်။ ဘယ်လိုတွေ ဆက်နွှယ်နေတယ်ဆိုတာ ရနိုင်တယ်။ အဲလိုမျိုး အချက်အလက်တွေ ပျောက်ပျက်သွားတာမျိုး ဖြစ်နိုင်တယ်။ တဖက်ကလည်း အခွင့်အကောင်းယူပြီး ဒီလူတွေကို ဖမ်းမိပြီးတော့မှ သတ်ပစ်ပြီးတော့မှ သတင်းဖျောက်လိုက်တာမျိုး ဖြစ်လာနိုင်တယ်၊ စိုးရိမ်စရာရှိတယ်” လို့ ပြောပါတယ်။

ဒါကြောင့် ကျားဖြန့်အဆောက်အအုံတွေနဲ့ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို ဆက်လက် ကိုင်တွယ်ဖို့နဲ့ ဒေသခံပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ KNU က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကို လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းပေးလိုက်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် နိုင်ငံခြားသားတွေ ထိခိုက်မှုတွေရှိခဲ့ရင် သက်ဆိုင်ရာနိုင်ငံတွေက အပြစ်ပုံချတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

စစ်ရေးလေ့လာသူက “မင်းလက်ပံကျားဖြန့်စခန်းကို သွားနှိမ်နင်းတဲ့ အဖွဲ့အစည်း KNU ကိုလည်း သူတို့က နိုင်ငံခြားသားတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံကနေပြီးတော့မှ အပြစ်ပုံချတာမျိုးတွေလည်း ဖြစ်လာနိုင်တယ်။ တဖက်က ပြည်တွင်းမှာလည်း တော်လှန်ရေး အခြေအနေအရဆိုရင် မအလကနေပြီး ဒီဘက်မှာလည်း မကောင်းသတင်းလွှင့်တာတွေ၊ ဝါဒဖြန့်တာတွေ၊ နိုင်ငံရေး အသာစီးယူတာမျိုးတွေ အဲလိုမျိုးအကွက်တွေ ဖြစ်လာနိုင်သေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုတွေကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ချုပ်ငြိမ်းသွားအောင် အမြစ်ပြတ် ချေမှုန်းသုတ်သင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မင်းလက်ပံကျားဖြန့်ရုံက KNU ထိန်းသိမ်းထားတဲ့ သက်သေတွေကို ပြန်လည်ရယူနိုင်ဖို့ စစ်တပ်က မြေပြင်နဲ့ ဝေဟင် ပစ်ကူရယူပြီး စစ်ကြောင်းထိုးနေတာကြောင့် ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013