DVB Logo
Home
မြန်မာသတင်း
လွတ်လပ်မျှတ အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်ရန် အိန္ဒိယတောင်းဆို
DVB
·
December 9, 2025
လွတ်လပ်မျှတ အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်ရန် အိန္ဒိယတောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ လွတ်လပ် မျှတပြီး အားလုံးပါဝင်သင့်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာ ဂျိုင်ဆွာလ်က ဒီဇင်ဘာ ၈ ရက်က ပြုလုပ်တဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ  ပြောလိုက်တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော် ပြပါတယ်။

“အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံပြီး ရွေး ကောက်ပွဲရဲ့ ယုံကြည်စိတ်ချရမှုအတွက် နိုင်ငံရေးဆိုင်ရာ သက်ဆိုင်သူအားလုံး ပါဝင်မှုက အရေးကြီးတယ်လို့ ရှုမြင်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းအားထုတ်မှု အားလုံးကို ဆက်လက်ထောက်ခံသွားပါမယ်။”

မြန်မာစစ်အုပ်စုကတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီးတော့ ရွေးကောက်ပွဲကို အဆင့်သုံးဆင့်နဲ့ မဲပေးနိုင်ဖို့ စီစဉ်ထားပြီး ပြည်ပနိုင်ငံတွေက ကြိုတင်မဲပေးမှုတွေကို ဟောင်ကောင်၊ စင်ကာပူ၊ ချင်းမိုင်နဲ့ ဘန်ကောက်လို နေရာတွေက မြန်မာသံရုံးတွေမှာ စတင်ပြုလုပ်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်အုပ်စုရွေးကောက်ပွဲရဲ့ တရားဝင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသလို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကလည်း ရပ်ကွက်၊ ကျေးရွာအုပ်စု ၃,၀၀၀ နီးပါးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ မကြာသေးခင်က ကြေညာထားခဲ့တာမို့  စစ်ကောင်စီအနေနဲ့ ပွင့်လင်းမြင်သာမှုပြသဖို့ ဖိအားတွေ ပိုများလာနေတာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Human Rights Watch (HRW) အဖွဲ့ကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ "လွတ်လပ်၊ တရားမျှတ၊ ဒါမှမဟုတ် အားလုံး ပါဝင်နိုင်မှာ မဟုတ်ဘူး" လို့ ပြောထားသလို ဒီရွေးကောက်ပွဲ အစီအစဉ်ကို ပယ်ချဖို့ နိုင်ငံတကာ အစိုးရတွေကိုလည်း တိုက်တွန်းထားပါတယ်။ 

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေဟာ ဒီမိုကရေစီ ဖွဲ့စည်းပုံတွေကို ဖျက်သိမ်းခဲ့ပြီး ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတွေကို တိုးမြှင့်လုပ် ဆောင်ခဲ့သလို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ ဆန္ဒပြမှုတွေ ပြုလုပ်သူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ ဥပဒေတွေကိုလည်း ပြဋ္ဌာန်းထားတယ်လို့ HRW အဖွဲ့က ဖော်ပြပါတယ်။ 

လက်ရှိမှာလည်း မြန်မာနိုင်ငံဟာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပြီး မြန်မာစစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာဟာလည်း အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေကလည်း အာဏာသိမ်းစစ်တပ်က ပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေး ကောက်ပွဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်နေ့မှာလည်း အတုအယောင် ရွေးကောက်ကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ နိုင်ငံတဝန်းမှာ အသံတိတ်သပိတ်လုပ်ဆောင်ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013