DVB Logo
Home
နိုင်ငံတကာ
ထိုင်းတောင်ပိုင်းဒေသအချို့တွင် မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးရေလျှံနိုင်သဖြင့် သတိပေး 
DVB
·
December 9, 2025
ထိုင်းတောင်ပိုင်းဒေသအချို့တွင် မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးရေလျှံနိုင်သဖြင့် သတိပေး 
Donate to DVB

မကြာသေးခင်ကမှ ရေကြီးမှုဒဏ် အကြီးအကျယ် ခံစားရတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ လာမဲ့ ရက်ပိုင်းအတွင်း မိုးသည်းထန်တဲ့ထိ ပိုမိုရွာသွန်းနိုင်တာကြောင့် ရုတ်တရက် ရေကြီးရေလျှံခြင်းနဲ့ တောင်ကျချောင်းရေ သတိထားဖို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီကနေ့ ဒီဇင်ဘာ ၉ ရက် မနက် ၅  နာရီမှာ ထုတ်ပြန်ပါတယ်။

အရှေ့အရပ်ဘက်က လေအေးတွေဟာ တောင်ဘက်ပိုင်းကို ရွေ့လျားလာမယ်၊ ဒီအခြေအနေကြောင့် လာမဲ့ ဒီဇင်ဘာ ၁၁ မှ ၁၂ ရက်အတွင်း ထိုင်းတောင်ပိုင်း ဒေသတချို့မှာ မိုးပိုမိုရွာသွန်းမယ်၊ အထူးသဖြင့် ပရကျူပ်ခီရီခန်နဲ့ ချွန်းဖောင်းခရိုင်တွေမှာ မိုးရွာသွန်းကာ သည်းထန်သည်ထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ ဆုန်ခလာ စတဲ့ခရိုင်တွေမှာလည်း မိုးရွာသွန်းဖွယ် ရှိပါတယ်။

ဒီဇင်ဘာ ၁၃ မှ ၁၆ ရက်အထိ အရှေ့မြောက်အရပ်က မုတ်သုန်လေတွေဟာ ပိုမိုအားကောင်းစွာနဲ့ ထိုင်းပင်လယ်အော်ကို ရွေ့လျားတိုက်ခတ်မှာကြောင့် တောင်ပိုင်းက နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ ဆုန်ခလာ၊ ပတ္တနီ၊ ယာ့လားနဲ့ နာရာသီဝပ် စတဲ့ခရိုင်တွေမှာ မိုးသည်းထန်နိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းပင်လယ်ကွေ့နဲ့ အန်ဒမန်ပင်လယ်ပြင်မှာ မုန်တိုင်းတွေ ပိုမိုအားကောင်းလာနိုင်တယ်။ ထိုင်းပင်လယ်ကွေ့ အောက်ပိုင်းမှာ လှိုင်းအမြင့် ၂ မီတာမှ ၃ မီတာအထိ ရောက်ရှိနိုင်ပြီး မုန်တိုင်းဝင်က ၃ မီတာထက် ကျော်လွန်နိုင်တယ်။ ထိုင်းပင်လယ်ကွေ့ အထက်ပိုင်းမှာ  လှိုင်းတွေဟာ အမြင့် ၂ မီတာခန့်အထိ ရောက်ရှိနိုင်ပြီး မုန်တိုင်းဝင်က ၂ မီတာအထက် မြင့်တက်နိုင်ပါတယ်။

ဒါကြောင့် ဒေသတွင်းနေ ပြည်သူတွေအနေနဲ့ မိုးသည်းထန်ခြင်း၊ မိုးရေဝပ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့ တောင်ကျချောင်းရေ ဘေးအန္တရာယ်တွေ သတိထားဖို့၊ အထူးသဖြင့် တောင်စောင်းနေ ပြည်သူတွေ တောင်ကျရေနဲ့ မြေပြိုမှုကို သတိထားဖို့၊ ထိုင်းပင်လယ်ကွေ့ တောင်ပိုင်းမှာ အသက်မွေးဝမ်းကျောင်း ပြုရသူတွေအနေနဲ့ မိုးရွာသွန်းချိန် လှေမထွက်ဖို့ သတိပေးထားပါတယ်။

ထိုင်းနိုင်ငံအထက်ပိုင်း (မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း) ဒေသတွေမှာတော့ ၂၀၂၅ ဒီဇင်ဘာ ၁၁ မှ ၁၃ ရက်အတွင်း တချို့နေရာမှာ မိုးရွာသွန်းနိုင်မယ်၊ အပူချိန် ၂ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းမယ်၊ အေးတဲ့ရာသီဥတုနဲ့အတူ လေပြင်းတိုက်ခတ်နိုင်တယ်၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဂရုစိုက်ဖို့၊ တောင်သူလယ်သမားတွေ အနေနဲ့ စိုက်ပျိုးသီးနှံဆုံးရှုံးခြင်းကို ကြိုတင်ကာကွယ်ဖို့လည်း သတိပေးထားပါတယ်။

မိုးလေဝသကြေညာချက်ကို ပြည်သူတွေ နားစွင့်ထားဖို့ ဒါမှမဟုတ် မိုးလေဝသဌာနရဲ့  ဝက်ဘ်ဆိုက် http://www.tmd.go.th မှာ  ၂၄ နာရီ ရှာဖွေဖတ်ရှုနိုင်ပြီး ဖုန်းနံပါတ်  ၀-၂၃၉၉-၄၀၁၂ မှ ၁၃  ဒါမှမဟုတ် အရေးပေါ်ဖုန်းလိုင်း ၁၁၈၂ ကိုလည်း ခေါ်ဆိုနိုင်တယ်လို့ ထိုင်းမိုးဇလက ထုတ်ပြန်ထားပါတယ်။

Source: khaosod

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013