
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဒီဇင်ဘာ ၈ ရက် မနက် ၆ နာရီခွဲက စတင်ပြီး တိုက်ပွဲဖြစ်ပြီး နှစ်ဖက် ထိခိုက် သေဆုံးမှုရှိတယ်လို့သိရပါတယ်။
အဆိုပါ ကျီကုန်းရွာတိုက်ပွဲမှာ စစ်တပ်ဘက်က အယောက် ၂၀ ထက်မနည်း ကျဆုံးထိခိုက်ပြီး ပြည်သူ့ကာကွယ်ရေးဘက်က ၂ ယောက်ကျဆုံးကာ တယောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျီကုန်းရွာသားတယောက်က “စစ်တပ်က ရွာထဲကပစ္စည်းတွေ ခိုးယူပြီး ရွာကို မီးရှို့လို့ တိုက်ပွဲက ဖြစ်ကြရတာဗျ။ သူတို့က ရွာထဲမှာနေပြီး ထွန်စက်ကား၊ ထော်လာဂျီနဲ့ ပစ္စည်းမှန်သမျှ အကုန်သယ်ယူနေလို့ဖြစ်တာ။ စစ်တပ်က အတော်ဆိုးပါတယ်ဗျာ။ ရွာသားတွေရဲ့ ပစ္စည်းတွေယူပြီး မနေ့ညပိုင်းကလည်း ကျီကုန်းရွာထဲကနေ လက်နက်ကြီးတွေနဲ့ အလုံး ၂၀ ကျော်ပစ်ခတ်တာ။ ပြည်သူကတော့ အထိအခိုက်မရှိဘူး။ တိုက်ပွဲဖြစ်နေတုန်းကတော့ မုံရွာကနေ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးလာကြဲချသေးတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ကျီကုန်းရွာအတွင်း ဝင်ရောက်တပ်စွဲနေတာဟာ ၉ ရက်အထိ ရှိနေပြီ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တယောက်က “သူတို့က ကျီကုန်းအရှေ့ရွာမှာ စခန်းချပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူသယ်တာတွေ လုပ်နေကြတာကို မခံနိုင်လို့ တိုက်ပွဲစဖြစ်တာ။ စ(--)တွေဘက်က ၂၀ ထက်မနည်း ကျဆုံးထိခိုက်တယ်။ သူတို့ဘက်က အထိအခိုက်များလို့ ဝေဟင်ကနေ ပစ်ကူပေးရသလို နမခဘက်ကနေ သံပြားကာစစ်ကားတွေနဲ့ပါ စစ်ကူလာပေးရတာတွေ ရှိခဲ့တယ်။ သူတို့ဘက်က အထိနာလို့ စစ်တပ်က အခုလို စစ်ကူပေးတာ။ ကျနော်တို့ဘက်က ရဲဘော် ၂ ဦးကျတယ်၊ တဦး ဒဏ်ရာရခဲ့တယ်” လို့ ပြောပါတယ်။
ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ မနက်ပိုင်း တိုက်ပွဲဖြစ်ပြီး ညနေပိုင်း ၄ နာရီ ၁၅ မှာ စစ်ကောင်စီတပ်က ရွာကို မီးရှို့ခဲ့တယ်လို့လည်း သိရပါတယ်။










