
F1 ဖော်မြူလာဝမ်းရာသီရဲ့ နောက်ဆုံးအပိတ်ပွဲစဉ်ဖြစ်တဲ့ အဘူဒါဘီ ဂရန်းပရီအပြီးမှာ အသက် ၂၆ နှစ်အရွယ် လန်ဒိုနောရစ်က ပထမဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
နောက်ဆုံးအပိတ်ဂရန်းပရီပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံသား နောရစ်က တတိယနေရာသာရခဲ့ပေမဲ့ အခုနှစ် ရာသီတခုလုံးရလဒ်မှာတော့ ကမ္ဘာ့အဆင့် ရပ်တည်ချက်အရ ဒုတိယနေရာမှာရှိနေတဲ့ မက်စ်ဗာစတက်ပန်ထက် ၂ မှတ်အသာနဲ့ ချန်ပီယံ ဖြစ်သွားတာပါ။
အဘူဒါဘီပြိုင်ပွဲမှာ ပထမရခဲ့တဲ့ ဗာစတက်ပန်ကတော့ ရတ်ဘူးလ်အသင်းအတွက် ၈ ကြိမ်မြောက်နိုင်ပွဲကို တရာသီအတွင်း ရယူပေးနိုင်ခဲ့ပါတယ်။
ဒါဟာ မက်ကလယ်ရန် အသင်းသားတွေဖြစ်ကြတဲ့ နောရစ်နဲ့ အော်စကာ ပီရက်စ်ထရီတို့ထက် အနိုင်ရလဒ်တပွဲပိုပြီး များပေမဲ့လည်း ရမှတ်ကွာဟချက်အရ ကမ္ဘာ့ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာပါ။
ကမ္ဘာ့အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ပီရက်စ်ထရီ ကတော့ လိုအပ်လာရင် အသင်းဖော် နောရစ်ကို အကူအညီပေးဖို့ အသင့်ရှိနေခဲ့တာ တွေ့ရပါတယ်။
တဖက်မှာ ဗာစတက်ပန်နဲ့ တသင်းဖြစ်တဲ့ ဂျပန်နိုင်ငံသား ယူကီဆွန်နိုဒါ ကလည်း နောရစ်ကို အချိန်ဆွဲထားနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့အလျောက် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။
ဒါပေမဲ့ နောရစ်ဟာ ၁၁ ယောက်မြောက် ဗြိတိန်ကိုယ်စားပြု ဖော်မြူလာဝမ်းချန်ပီယံ ဖြစ်လာခဲ့ပြီး ဒါဟာ သူ့ရဲ့ ၇ ရာသီမြောက် ယှဉ်ပြိုင်မှုလည်း ဖြစ်ပါတယ်။
အလားတူ မက်ကလယ်ရန် အသင်းအနေနဲ့ ဆိုရင်တော့ ၁၉၉၈ ခုနှစ်ကစပြီး တယောက်ချင်းစီနဲ့ အသင်းလိုက်ချန်ပီယံဆု ၂ ခုစလုံးကို ပထမဆုံးအကြိမ် ပြန်ပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။
နောရစ်က “ဒီနှစ် တနှစ်တည်းတင် မဟုတ်ပါဘူး၊ မက်ကလယ်ရန်အသင်းနဲ့အတူ ရှိခဲ့တဲ့ ၇ နှစ်ကျော် ၈ နှစ်ထဲမှာရော၊ ကျနော့်ဘဝရဲ့ ၁၆ နှစ်၊ ၁၇ နှစ် အတွင်းမှာပါ ဒီအိပ်မက်အတိုင်း ပြည့်မီအောင် ကြိုးပမ်းခဲ့ပါတယ်။ ဒီနေ့မှာတော့ အားလုံး အောင်မြင်ပြီဖြစ်တဲ့အတွက် အတော်လေးကို ပျော်ရွှင်ရပါတယ်”လို့ မျက်ရည်တွေနဲ့အတူ ပြောပါတယ်။
၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အထိ ၄ ကြိမ်ဆက်တိုက် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ဗာစတက်ပန်ကတော့ ကားမောင်းချန်ပီယံဟောင်း မိုက်ကယ်ရှူးမာကာရဲ့ ၅ ကြိမ်ဆက်စံချိန်ကို လိုက်မီနိုင်မဲ့ အိပ်မက်တော့ ပျက်ပြယ်ခဲ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဗာစတက်ပန်က “ဒီရာသီအတွက် ကျနော် နောင်တမရပါဘူး” လို့ မှတ်ချက်ပြုတဲ့အပြင် အဓိကပြိုင်ဘက်ဖြစ်တဲ့ နောရစ်ကိုပါ ချီးကျူးဂုဏ်ပြုသွားပါတယ်။
Source: Reuters










