အီတလီနိုင်ငံသား ကီမီအန်တွန်နယ်လီဟာ အသက် ၂၀ နှစ်နဲ့ ၆၈ ရက်သားအရွယ်မှာ ဖော်မြူလာဝမ်း (F1) ကားပြိုင်ပွဲသမိုင်းရဲ့ အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်လာပါတယ်။
နိုဝင်ဘာ ၁ ရက်က မက္ကဆီကို ဂရန်းပရီပြိုင်ပွဲမှာ တတိယနေရာပဲ ရခဲ့ပေမဲ့ စုစုပေါင်းအမှတ်ပေးဇယားမှာ ပြိုင်ဘက်တွေ လိုက်မမီနိုင်တော့တာကြောင့် ပြိုင်ပွဲ ၄ ပွဲကျန်ရှိနေချိန်မှာပဲ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့တာပါ။
၁၉၅၃ ခုနှစ်နောက်ပိုင်း ပထမဆုံး F1 ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့ အီတလီနိုင်ငံသားလည်း ဖြစ်ပါတယ်။
အန်တွန်နယ်လီရဲ့ ဖခင်ဖြစ်သူ ပြိုင်ကားမောင်းသမားဟောင်း မာကိုအန်တွန်နယ်လီကတော့ သူ့သားကို “ကားဂိုဒေါင်ထဲမှာ မွေးလာတဲ့ကလေး” လို့ တင်စားပါတယ်။
ဒါပေမဲ့ ဖခင်ကိုယ်တိုင် ပြိုင်ကားမောင်းသမားဘဝမှာ အခက်အခဲတွေ ကြုံခဲ့ရတာကြောင့် သားဖြစ်သူကို အစပိုင်းမှာ ပြိုင်ကားမောင်းသမား မဖြစ်စေချင်ခဲ့ပါဘူး။
အန်တွန်နယ်လီဟာ အသက် ၅ နှစ်ကတည်းက ဂိုကတ်ကား စမောင်းခဲ့ပြီး အသက် ၁၀ နှစ်မှာ အဖေ့ပေါင်ပေါ်ထိုင်ကာ Lamborghini ကားရဲ့ စတီယာရင်နဲ့ ဂီယာကို ကိုင်မောင်းခဲ့ပါတယ်။
ဖခင်က လီဗာနဲ့ ဘရိတ်ကို ထိန်းပေးခဲ့ပြီး ကားဟာ တနာရီ ကီလိုမီတာ ၃၂၀ အမြန်နှုန်းအထိ ရောက်ခဲ့ပါတယ်။
အဲဒီအချိန်မှာ သားဖြစ်သူရဲ့ ကားထိန်းနိုင်စွမ်းကို မြင်ပြီး “ဒီကလေးမှာ တခုခု ထူးခြားနေနိုင်တယ်” လို့ ဖခင်ဖြစ်သူက သတိထားမိခဲ့ပါတယ်။
အသက် ၁၁ နှစ်မှာ မာစီဒီးအသင်းက သူ့ရဲ့ အရည်အချင်းကို သတိထားမိခဲ့ပြီး လူငယ်ပြိုင်ကားမောင်းသမား လေ့ကျင့်ရေးအစီအစဉ်ထဲ ခေါ်ယူခဲ့ပါတယ်။
နောက်ပိုင်း Formula 4 နဲ့ Formula Regional ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ လူးဝစ်ဟာမီလ်တန်ရဲ့ နေရာကို ဆက်ခံကာ F1 ပြိုင်ပွဲဝင် ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၄ ခုနှစ် အီတလီဂရန်းပရီ လေ့ကျင့်ရေးမှာ ကားတိုက်မိခဲ့သလို F1 ပထမရာသီမှာလည်း အမှားတွေနဲ့ ဖိအားတွေကြောင့် ရုန်းကန်ခဲ့ရပါတယ်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက် အီတလီဂရန်းပရီမှာတော့ အင်ဂျင်ဆိုင်ရာ ပြစ်ဒဏ်ကြောင့် အဆင့် ၁၉ ကနေ စတင်ယှဉ်ပြိုင်ခဲ့ရပေမဲ့ ပြိုင်ဘက်တွေကို ကျော်တက်ပြီး ပထမဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒုတိယရာသီဖြစ်တဲ့ ၂၀၂၆ ခုနှစ်မှာ ခြေစွမ်းပြန်တက်လာတဲ့ အန်တွန်နယ်လီဟာ ဆီဘက်စတီယန် ဗက်တယ်ရဲ့ အသက်အငယ်ဆုံး F1 ကမ္ဘာ့ချန်ပီယံစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။











