DVB Logo
Home
အားကစား
၄ ကြိမ်ဆက် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံအဖြစ် ဗာစတပ်ပန် ရပ်တည်
DVB
·
November 26, 2024
၄ ကြိမ်ဆက် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံအဖြစ် ဗာစတပ်ပန် ရပ်တည်
Donate to DVB

လက်စ်ဗီးဂတ်စ်-ဂရန်းပရီ (LasVegas GP) ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲမှာ ရတ်ဘူးလ်အသင်းကိုယ်စားပြု မက်စ်ဗာစတပ်ပန်က အဆင့် ၅ အဖြစ်သာ ပန်းဝင်ခဲ့ပေမဲ့ ကမ္ဘာ့ချန်ပီယံဆုကို ၄ ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီနှစ်ဖော်မြူလာဝမ်းရာသီမကုန်ခင်မှာပဲ နယ်သာလန်နိုင်ငံသား ဗာစတပ်ပန်က ကမ္ဘာ့ ကားမောင်းချန်ပီယံရှစ်ကို ရမှတ် ကွာခြားချက်အရ အခုလိုမျိုး ပိုင်ဆိုင်နိုင်ခဲ့တာပါ။

ဒီတခေါက်ပြိုင်ပွဲမှာတော့ မာစီဒီးစ်အသင်းရဲ့ ကားမောင်းသမား ဂျော့ချ်ရပ်ဆဲလ်ဟာ ထိပ်ဆုံးကနေအနိုင်ရခဲ့သလို ကမ္ဘာ့ချန်ပီယံ ၇ ဆုရှင် အသင်းဖော်ဖြစ်တဲ့ လူးဝစ်(စ) ဟာမီလ်တန် ကိုလည်း ဒုတိယနေရာမှာ ရှိနေတာတွေ့ရပါတယ်။

အသက် ၂၇ နှစ်အရွယ် ဗာစတပ်ပန်ဟာ ဖာရာရီအသင်း ကိုယ်စားပြု ပြိုင်ပွဲဝင် ၂ ယောက်ရဲ့ နောက် ပဉ္စမအဖြစ်သာ ပန်းဝင်နိုင်ခဲ့ပေမဲ့ ချန်ပီယံဆုအတွက်တော့ လုံလောက်ခဲ့ပါတယ်။

ဒါဟာ ကမ္ဘာ့ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ မက်ကလယ်ရန်-အသင်းက လန်ဒို နောရစ်(စ်)နဲ့ ဗာစတပ်ပန်တို့ကြားမှာ ၆၃ မှတ်အထိကို ကွာဟသွားတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ချန်ပီယံ ၄ ဆုရှင် ဗာစတပ်ပန်ဟာ ဆဘတ်ရှန် ဗတ်တယ်၊ အလန်း ပရော့စ် တို့နဲ့အတူ တတန်းတည်း ဖြစ်လာခဲ့ပြီး သူ့အထက်မှာ နောက်ထပ်ဂန္ထဝင် ၃ ယောက်သာ ရှိပါတော့တယ်။

“လွန်ခဲ့တဲ့ရာသီထက် အနည်းငယ်ပိုပြီး ခက်ခဲပေမဲ့လည်း ငါတို့လုပ်ပြနိုင်ခဲ့တယ်။ အံ့အားသင့်စရာ ရာသီတခုပါပဲ" ဆိုပြီး ဗာစတပ်ပန်က အသင်းဖော်တွေကို ပြောဆိုခဲ့ ပါတယ်။

ဖော်မြူလာဝမ်းရဲ့ အသင်းလိုက်ဆုဖြစ်တဲ့ Constructor ချန်ပီယံရှစ်မှာလည်း မက်ကလယ်ရန်အသင်းက ဦးဆောင် နေပြီး ဒုတိယနေရာမှာရှိတဲ့ ဖာရာရီအသင်းကို ၂၄ မှတ်အထိ ဖြတ်ထားပါတယ်။

အခုနှစ်ရာသီအတွက် နောက်ဆုံးပြိုင်ပွဲနှစ်ခုထဲက ကာတာဂရန်းပရီပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ နဲ့ အဘူဒါဘီဂရန်းပရီပြိုင်ပွဲကိုတော့ ဒီဇင်ဘာ ၈ ရက်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013