DVB Logo
Home
မြန်မာသတင်း
NUG အစိုးရ ဝန်ကြီးအချို့ကို နေရာပြောင်းပြီး အနည်းငယ် ပြင်ဆင်ဖွဲ့စည်း
DVB
·
December 8, 2025
NUG အစိုးရ ဝန်ကြီးအချို့ကို နေရာပြောင်းပြီး အနည်းငယ် ပြင်ဆင်ဖွဲ့စည်း
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်းနဲ့ ဝန်ကြီးဌာနတချို့ပူးပေါင်းတာ၊ ဝန်ကြီးတချို့နဲ့ ဒုဝန်ကြီးတချို့ကို တာဝန်ပြောင်းရွေ့တာတွေ ပြုလုပ်ကြောင်း ဒီကနေ့ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ မြန်မာပြည်သူတွေရဲ့ တောင်းဆိုတိုက်တွန်းမှုတွေပေါ်ထွက်လာပြီး လအတန်ကြာမှာ NUG က ဝန်ကြီးဌာနတချို့ကို အနည်းငယ်အပြောင်းအလဲလုပ်လိုက်ပြီး အများစုကတော့ နဂိုမူလ ရာထူးတာဝန်တွေ ဆက်လက်ပေးအပ်ထားတာဖြစ်ပါတယ်။

အဓိက ပြောင်းလဲလိုက်တဲ့အထဲမှာ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဒေါက်တာဇော်ဝေစိုးကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ရွှေပုံ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန် တို့ကို တာဝန်ပေးအပ်လိုက်ပါတယ်။

ဒါ့အပြင် ပညာရေးဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးအပ်ထားပြီး ဒေါက်တာ ဝင်းမြတ်အေးက လူမှုကူညီ ရေး၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်ဒုတိယသမ္မတ (ယာယီသမ္မတ)ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးလွင်ကိုလတ်နဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း အပါအဝင် တခြားသောဝန်ကြီးဌာနတွေကိုတော့ နဂိုမူလအတိုင်းပဲ တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်။

ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအဖွဲ့မှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတွေကိုတော့ ထည့်သွင်းထားတာ မတွေ့တော့ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ပြောင်းလဲတာကို ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကနေ ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းထားတဲ့ အခွင့်အာဏာကို ကျင့်သုံးကာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီက ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ ပြောင်းလဲ ခန့်အပ်လိုကတာလို့ ထုတ်ပြန်ကြေညာထား ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မဖြစ်မနေ ပြုပြင်ပြောင်းလဲဖို့ လိုနေပြီလို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြီးခဲ့တဲ့ ဇူလိုင်လလောက်တည်းက လူသိရှင်ကြား ထောက်ပြ အကြံပြုထားတာဖြစ်ပါတယ်။

NUG အစိုးရဟာ ပြည်သူ့နွေဦးတော်လှန်ရေးကို ပန်းတိုင်အထိ ခေါ်ဆောင်ဖို့ လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်၊ တော်လှန်ရေးအောင်ဖို့ လုံလောက်တဲ့ လူထုထောက်ခံမှုနဲ့ တရားဝင်မှုက NUG မှာပဲ လက်ရှိအချိန်အထိ ရှိနေသေးပေမဲ့ NUG ဟာ အဲဒီအခွင့်အလမ်းကို အသုံးမချနိုင်ဘူး၊ NUG ဟာ ပြန့်ကျဲနေတဲ့ တိုက်ခိုက်ရေးအင်အားတွေကို စနစ်ကျတဲ့ ဆင့်ကဲအုပ်ချုပ်မှု မတည်ဆောက်နိုင်တာကြောင့် အရည်အသွေးတက်မလာဘဲ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေရှိနေတယ်လို့ ဒေါက်တာတေဇာဆန်းက ထောက်ပြထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013