DVB Logo
Home
မြန်မာသတင်း
ကျောက်တော်ဗုံးကြဲမှုကို NUG အပါအဝင် တော်လှန်ရေးအင်အားစုများ ရှုတ်ချ
DVB
·
October 1, 2026
Photo: AA
Photo: AA
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားတို့ကို စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅၀ ဦးသေဆုံးပြီး ၆၀ ဝန်းကျင်ဒဏ်ရာရရှိခဲ့မှုအပေါ် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA)တို့က ပြင်းထန်စွာ ရှုတ်ချပြီး AA နဲ့ အတူ ဆက်လက်ပူးပေါင်းကာ စစ်အာဏာရှင်တပ်ကို တွန်းလှန် တိုက်ခိုက် သွားမယ်လို့ စက်တင်ဘာ ၃၀ ရက်မှာ အသီးသီး ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်တပ်အနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေထူထပ်တဲ့ နေရာတွေနဲ့ အများပြည်သူပိုင် အခြေခံအဆောက်အအုံတွေကို ဦးတည်ပြီး အစုအပြုံလိုက် သေကျေ ပျက်စီးစေဖို့ လုပ်ဆောင် နေတာဟာ ဂျီနီဗာကွန်ဗန်းရှင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို ပြောင်းပြောင်း တင်းတင်းချိုးဖောက်တာဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှု တွေကို ကျူးလွန်တဲ့ အကြမ်းဖက်မှုလို့ ပြင်းထန်စွာ ရှုတ်ချတယ်လို့ NUG က ပြောထားပါတယ်။

ဒါ့အပြင် NUG အစိုးရအနေနဲ့ အာရက္ခတပ်တော် (AA/ULA) အပါအဝင် ရခိုင်လူထုနဲ့ စစ်ရေး၊ နိုင်ငံရေးအရ မဟာမိတ်အဖြစ် လက်တွဲရင်ဆိုင်ဖြတ်ကျော်ပြီး ပြည်သူတွေအပေါ် ကျူလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အမိန့်ပေးစေခိုင်သူ စစ်ခေါင်းဆောင်တွေ၊ တိုက်ရိုက်ပါဝင်သူ‌တိုင်းကို မှတ်တမ်းတင်ထားပြီး တရာမျှတမှုနဲ့ တာဝန်ခံမှု ရှိစေရေးအတွက် တော်လှန်ရေး မဟာမိတ်တွေနဲ့ ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်မယ်လို့ NUG ကတိပြုထားပါတယ်။

နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း စစ်အာဏာရှင်တပ်ရဲ့ နေ့စဉ်နဲ့အမျှ ပြည်သူတွေကို သတ်ဖြတ်နေမှုအပေါ် ရပ်တန့်နိုင်ဖို့အတွက် လေယာဉ်ဆီ၊ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုတွေကို ဖြတ်တောက်ဖို့နဲ့ စစ်အာဏာရှင်တပ်အတွက် အဓိက နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ နိုင်ငံပိုင် ဘဏ်တွေကိုပါ အရေးယူ ပိတ်ဆို့ပြီး လက်တွေ့ကျကာ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

အလားတူ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့ တပ်မတော် (CPU/CPA) ကလည်း စစ်အာဏာရှင်တပ်အနေနဲ့ အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေမှာ တပ်လန်ရှုံးနိမ့်ပြီး၊ စစ်ရှုံးတပ် ဖြစ်နေတာကို ပြည်သူဘက်သို့ လွှဲချကာ ရှုံးမဲမဲကာ ရခိုင်က မြို့၊ ရွာတွေကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုထားပါတယ်။

စစ်အာဏာရှင်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ အိန္ဒိယဈေးကို တမင်ရည်ရွယ်ချက်ရှိရှိ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင် အမျိုးသမီးတွေ အပါဝင် အရပ်သား အယောက် ၅၀ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၆၀ အထိရှိခဲ့ကာ ဒီလို ရင်နင့်ဖွယ်ရာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေအတွက် ကျန်ရစ်သူ မိသားစုတွေနဲ့ အတူ CPU/CPA ဝမ်းနည်းကြေကွဲရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်(AA)နဲ့ သွေးချင်းမဟာမိတ်အဖြစ် ဆက်လက်ရပ်တည်ကာ စစ်အာဏာရှင်တပ်ကို တွန်းလှန်တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိပြုထားပါတယ်။

ကျောက်တော်မြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုကို ယောတပ်တော်(YDF)ကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး ထိခိုက်နစ်နာသူ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ အလွန်တရာ ဝမ်းနည်း ကြေကွဲရတယ်လို့ စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ ၄၉၂၆ စစ်ဆင်ရေးနဲ့အတူ ရခိုင်ပြည်နယ် က မြို့နယ်တွေကို နေစဉ်နေ့တိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားထိခိုက် သေဆုံးမှုဟာလည်း ဆက်တိုက်မြင့်တက်နေပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013