DVB Logo
Home
Lead Story
ရခိုင်သတင်းထောက်တို့၏ ရပ်တည်ရေးနှင့် အနာဂတ် စိန်ခေါ်သံ
DVB
·
December 7, 2025
ရခိုင်သတင်းထောက်တို့၏ ရပ်တည်ရေးနှင့် အနာဂတ် စိန်ခေါ်သံ
Donate to DVB

အပြင်ပန်းအရ ဂုဏ်သတင်း ကျော်စောသော်လည်း လက်တွေ့ဘဝတွင် မပြည့်မစုံ၊ ပူပင်သောကများ ဖြင့် ရုန်းကန်နေရသူများကို “နာမည်ကြီး ထမင်းငတ်” ဆိုသည့် မြန်မာစကားပုံဖြင့် ဖော်ညွှန်းရပေလိမ့်မည်။

ယခုအခါ ဤစကားပုံသည် စစ်မြေပြင်သဖွယ် ဖြစ်နေသည့် ရခိုင်ဒေသအခြေစိုက် ဂျာနယ်လစ် ခေါ် သတင်းထောက်များ၏ ဘဝကို အတိအကျ ထင်ဟပ်နေသည်။ 

၎င်းတို့သည် ဒေသတွင်း သတင်းများကို ဖော်ထုတ်ရာတွင် ကမ္ဘာသိ အရေးပါသူများ ဖြစ်လာသော်လည်း နေ့စဉ်နှင့်အမျှ ဝင်ငွေ၊ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။

ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် သတင်းရယူရေးမှာ ပုံမှန်အခြေအနေထက် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး ဒေသတွင်း သတင်းထောက်များမှာ အသက်အန္တရာယ်နှင့် လုံခြုံရေး စိုးရိမ်စရာကြားက သတင်းများကို ဖော်ထုတ်တင်ဆက်နေကြရသည်။

အသက်မွေးဝမ်းကျောင်းဆိုင်ရာ စိန်ခေါ်မှု

ဒေသခံသတင်းသမားများ၏ သတင်းအချက်အလက်များကို ပြည်တွင်း/ပြည်ပ မီဒီယာများက ပြန်လည် ကိုးကားနေရသဖြင့် ၎င်းတို့၏ မီဒီယာကဏ္ဍ အရေးပါမှုမှာ ကျော်စောမှုများရှိသော်လည်း ၎င်းတို့၏ ရုန်းကန်ရမှု အခြေအနေများမှာကား မထင်မရှားဖြစ်နေသည်။

BBC (မြန်မာပိုင်း)၊ DVB၊ Myanmar Now၊ The Irrawaddy၊  Mizzima နှင့် နိုင်ငံတကာ သတင်းအေဂျင်စီများတွင် လုပ်ကိုင်နေသူများမှလွဲ၍ သတင်းဌာနများနှင့် အလွတ်တန်း သတင်းထောက်များ၏ ပျမ်းမျှလစဉ် ဝင်ငွေသည် မြန်မာကျပ်ငွေ ၅ သိန်းမှ ၇ သိန်း ဝန်းကျင်သာ ရှိနေသည်။

အယ်ဒီတာရာထူး ရှိသူအချို့သာ ကျပ် ၁၀ သိန်းဝန်းကျင် ရရှိသဖြင့် သတင်းထောက်အများစု၏ ပျမ်းမျှဝင်ငွေနှင့် ဒေသတွင်း ကုန်ဈေးနှုန်း မမျှတမှုတို့သည် မိသားစုအနာဂတ်အပေါ် အာမခံချက် မရှိသည့်အပြင် လုံခြုံရေး စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

သတင်းဌာနများသည်ပင် ကြော်ငြာဝင်ငွေ နည်းပါးမှု၊ နိုင်ငံတကာ အထောက်အပံ့ လျှော့ချခံရမှု စသည့် ငွေကြေးအကျပ်အတည်းများကြောင့် ဝန်ထမ်းလစာကို လုံလုံလောက်လောက် မပေးနိုင်ကြသဖြင့် မီဒီယာသမားများအား အလုပ်အကိုင် တည်ငြိမ်မှုမရှိဘဲ ရေရှည်ရပ်တည်ရေးအတွက် မငြိမ်သက်မှုများ ရင်ဆိုင်နေရသည်။

ရခိုင်အခြေစိုက် သတင်းဌာနတခုတွင် လုပ်ကိုင်နေသူ ကိုမျိုးမင်း(အမည်လွှဲ)က “ရခိုင်သတင်းသမားတွေဟာ လုံခြုံရေး အာမခံချက် မရှိမှု၊ ဝင်ငွေအဆင်မပြေမှု အဲဒီလို အခြေအနေတွေကြောင့် စိတ်ဖိစီးမှုတွေဖြစ်ပြီး အလုပ်ကို စွန့်လွှတ်မယ့်သူတွေ များလာနိုင်တယ်” ဟု သုံးသပ်ပြောကြားသည်။

လက်ရှိ ရခိုင်ဒေသတွင် အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်ရေး အခက်အခဲများကြောင့် စာသတင်းရယူရန်အတွက်ပင် လွယ်ကူခြင်းမရှိဘဲ မြေပြင်သို့ ကွင်းဆင်းရပြီး ယင်းသို့ သွားရောက်ရာတွင် လမ်းခရီးခက်ခဲမှု၊ လုံခြုံရေးအန္တရာယ် စိုးရိမ်ရမှုများ ရှိနေသည်။

ပဋိပက္ခနယ်မြေမှ မီဒီယာအကျပ်အတည်း 

ရခိုင်အခြေစိုက် သတင်းဌာနများနှင့် သတင်းထောက်များသည် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းအန္တရာယ်အပြင် သတင်းရယူရာတွင် နယ်မြေအာဏာပိုင်များ၏ ကန့်သတ်မှု၊ ဖိအားပေးမှုနှင့် ဖမ်းဆီးခံရမှုများကိုပါ ရင်ဆိုင်နေရသည်။

အလွတ်တန်း ရခိုင်သတင်းထောက် ကိုဆန်းမောင်(အမည်လွှဲ) က “တချို့ကိစ္စတွေဆိုရင် ULA ဆီက ခွင့်ပြုချက်ရမှ သွားလာခွင့်ရတာမျိုး ရှိတယ်။ ပြီးတော့ ဒီအချက်အလက်တွေကို မဖော်ပြနဲ့ဆိုပြီး ကန့်သတ်ခံရတာလည်းရှိတယ်။ သူတို့ ဖော်ပြခိုင်းစေချင်တဲ့ သတင်းတွေဆိုရင်တော့ လုံခြုံရေးထည့်ပေးတာမျိုး၊ အချက်အလက်တွေ ကူညီပေးတာမျိုးရှိပေမဲ့ ဒါမျိုးက နည်းပါတယ်” ဟု ပြောသည်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က ရခိုင်အခြေစိုက် Border News Agency (BNA) သတင်းဌာနမှ အမျိုးသမီး သတင်းထောက် မမုဒြာ သည် မောင်တောမြို့ရှိ ၎င်းနေအိမ်အတွင်းရှိနေစဉ် ULA/AA ထံ ဖမ်းဆီးခံခဲ့ရသည်။

မမုဒြာကို ဖမ်းဆီးသွားသူများအနေဖြင့် “မိသားစုဝင်များ၏ စိုးရိမ်ပူပန်မှုအပေါ်တွင် လူသားချင်းစာနာမှုအရ လည်းကောင်း၊ နိုင်ငံတကာ ဥပဒေများကို အလေးထား၍လည်းကောင်း ပြန်လည်ပို့ဆောင်ပေးရန်” BNA သတင်းဌာနမှ ထုတ်ပြန်တောင်းဆိုခဲ့သည်။ 

ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မမုဒြာကို ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ စစ်ပွဲကာလ လိုက်နာရမည့် စည်းကမ်းချက်များကို ကျော်လွန်၍ လုပ်ဆောင်မှုကြောင့် ခေါ်ယူစစ်ဆေးခြင်း ဖြစ်ကြောင်း သတင်းမီဒီယာများကို ဖြေဆိုခဲ့သော်လည်း တလကျော်အကြာ အောက်တိုဘာ နောက်ဆုံးပတ်မှ မမုဒြာကို ပြန်လည်လွှတ်ပေးခဲ့သည်။ 

ULA/AA သည် ၎င်းတို့ထံ တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း မည်သည့် သတင်းဌာနကိုမှ မည်သည့်အကြောင်းအရာကိုဖြစ်စေ အင်တာဗျူးများ လုံးဝ မပြုလုပ်ရကြောင်းလည်း ပြီးခဲ့သည့် ဩဂုတ်လက ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

ULA ပါတီနိုင်ငံရေးရုံးမှ တာဝန်ရှိသူတယောက်က  “ULA/AA ရဲ့ ပြန်ကြားရေး တဝန်ရှိသူကလွဲရင် ကျနော်တို့အပါအဝင် တခြားဘယ်ဌာနကဖြစ်စေ ဘယ်အကြောင်းအရာကိုမှ အင်တာဗျူး ဖြေဆိုခွင့်မရှိဘူးဆိုပြီး အထက်လူကြီးတွေက ပိတ်ထားတယ်” ဟု ပြောသည်။

ULA ဥက္ကဋ္ဌ/AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကမူ သတင်းထောက်များသည် တိုင်းပြည်အတွက် အရေးပါပြီး ပြည်သူ့အကျိုးကို သယ်ပိုးနေသူများအဖြစ် နားလည်ထားသောကြောင့် သတ္တိရှိရှိ သတင်းရယူကြဖို့” ပြီးခဲ့သည့် ၂၀၁၉ ဝန်းကျင်က အင်တာဗျူးများ ဖြေဆိုခဲ့ဖူးသည်။

သို့သော်လည်း ULA/AA သည် ၎င်းတို့၏ ဌာနဆိုင်ရာဝန်ထမ်းများကို အင်တာဗျူး ပိတ်ပင်ထားခြင်း အပါအဝင် စစ်ရေးကာလ လုံခြုံရေးအကြောင်းပြချက်ဖြင့် သတင်းရယူမှုကို ကန့်သတ်ခြင်းနှင့် ဖမ်းဆီးခြင်းတို့သည် ဒေသတွင်း သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ULA/AA ၏ လက်ရှိ မီဒီယာသဘောထားအပေါ် ပြန်လည်မေးခွန်းထုတ်စရာ ဖြစ်လာသည်။

နိုင်ငံတကာ အထောက်အပံ့များ လွဲချော်နေသော ရခိုင်သတင်းထောက်များ

မြန်မာနိုင်ငံရှိ သတင်းဌာနများနှင့် သတင်းထောက်များအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိကြောင်း သိရသည်။ 

နိုင်ငံတကာ အကူအညီများသည် စစ်အာဏာရှင် အုပ်စိုးမှု၊ စစ်ရေးပဋိပက္ခဖြစ်ပွားမှု၊ နိုင်ငံရေး မငြိမ်သက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု စသည့် အကျပ်အတည်းများကြား သတင်းရယူ ဖော်ထုတ်နေကြသော သတင်းသမားများအတွက် အမှန်တကယ် အကျိုးကျေးဇူးကြီးပေသည်။

သို့သော်လည်း ထိုနိုင်ငံတကာ အဖွဲ့အစည်းများက ပေးအပ်သော အစီအစဉ်များသည် ရခိုင်ဒေသက သတင်းထောက်များအတွက် ထိရောက်မှုနည်းပါးနေပြီး လိုအပ်ချက်များနှင့် လွဲချော်နေကြရသည်။

ရခိုင်သတင်းဌာနတခုတွင် လုပ်ကိုင်နေသော ကိုသက်လွင်(အမည်လွှဲ) က “ဘယ်သူမဆို လုံခြုံတဲ့နေရာ အထောက်အပံ့ရတဲ့နေရာမျိုးမှာ နေချင်တယ်။ အဲဒီနေရာကပဲ သတင်းရယူချင်တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုတွေကြားမှာပဲ စိန်ခေါ်မှုတွေနဲ့ အလုပ်လုပ်နေရတယ်။ ဒီလို အပေအတေခံပြီး အလုပ်လုပ်နေတဲ့လူတွေအတွက် အကူအညီတွေ လွဲချော်နေတယ်” ဟု ပြောသည်။

ထို့အပြင် ရရှိသော ပျမ်းမျှဝင်ငွေသည် နေထိုင်၊ စားသောက်စရိတ်အတွက်ပင် မလုံလောက်သောကြောင့် ရခိုင်သတင်းထောက်အများစုမှာ လက်ကိုင်ဖုန်း၊ ကွန်ပျူတာ၊ အသံဖမ်းစက် စသည့် သတင်းလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သော အခြေခံ အထောက်အကူပစ္စည်းများပင် ကောင်းကောင်းမရှိကြပေ။ 

ထို့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ရခိုင်ဒေသခံ သတင်းသမားများ၏ လိုအပ်ချက်များကို ပိုမိုနားလည်ပြီး၊ ဒေသတွင်း ထိရောက်၍ ရေရှည်တည်တံ့သော အစီအစဉ်များ ဖန်တီးပေးရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။

ပြည်သူ့အမြင် လွဲမှားမှုနှင့် ရင်းမြစ်များ အခက်အခဲ

သတင်းထောက်များအပေါ် တိုင်းပြည်ဖျက်ဆီးသူများ၊ သွေးထိုးလှုံ့ဆော်သူများ၊ အခွင့်ထူးခံ ဒေါ်လာစားများ စသဖြင့် ထင်မြင်မှုများသည် ရခိုင်ဒေသကို ULA/AA ထိန်းချုပ်မှု ကျယ်ပြန့်လာပြီး နောက်ပိုင်း ပိုမိုတွေ့မြင်လာရသည်။

အထူးသဖြင့် ULA/AA ၏ အုပ်ချုပ်ရေးယန္တရားထဲမှ အာဏာအလွဲသုံးစားပြုသူများ၊ လူ့အခွင့်အရေး ချိုးဖောက်သူများကို ဖော်ထုတ်သတင်းများတွင် ယင်းကဲ့သို့ သဘောထားအမြင်များ တွေ့မြင်ရခြင်း ဖြစ်ပြီး ပြင်းထန်သော ဝေဖန်မှုအပြင် ခြိမ်းခြောက်မှုများကိုပါ ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ကိုသက်လွင် က “ULA/AA ကို ထိရင် လုံးဝ လက်မခံဘူး ဆိုတာမျိုးပေါ့။ တချို့ကလည်း နိုင်ငံခြားက အထောက်အပံ့တွေယူပြီး တိုင်းပြည်ကို ဖျက်ဆီးဖို့ သွေးထိုးလှုံ့ဆော်သူတွေ ဆိုတဲ့ အမြင်တွေလည်း ကြုံရတယ်။ ဒီလိုအခြေအနေတွေကြောင့် ပြည်သူတွေဆီက သတင်းရယူနိုင်ရေး အပိုင်းတွေမှာ အခက်အခဲတွေအပြင် လုံခြုံရေးအတွက် စိုးရိမ်စရာတွေလည်း ရှိလာတယ်” ဟု ပြောသည်။

နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ အထောက်အပံ့ယူခြင်းတို့သည် သတင်းလုပ်ငန်း၏ ပုံမှန်လိုအပ်ချက်ဖြစ်သည့် သတင်းနည်းပညာ၊ ဘေးကင်းရေး လေ့ကျင့်မှု စသည်တို့အတွက်သာ ဖြစ်ပြီး လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းကို လွှမ်းမိုးခံခြင်း မဟုတ်ပေ။

ထို့ကြောင့် ကျင့်ဝတ်မလိုက်နာသူများ ရှိနိုင်သော်လည်း အမှန်တရားအတွက် ဘက်မလိုက်ဘဲ ရဲဝံ့စွာ ရပ်တည်နေသော သတင်းသမားများသည် ရခိုင်လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းဖြစ်ပြီး၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နေသူများအဖြစ် နားလည်မှုများ လိုအပ်နေသည်။

ရခိုင်ပြည်နယ်မှာသာမက မြန်မာတနိုင်ငံလုံးတွင်လည်း  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ အကြမ်းဖက်နှိမ်နင်းမှုအောက်တွင် လွတ်လပ်သည့် စာနယ်ဇင်းလုပ်ငန်းများ  ပျောက်ကွယ်သွားလုနီးပါး ဖြစ်ခဲ့ရသည်။ 

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)၏  ကိန်းဂဏန်း အချက်အလက်အရ  ယနေ့အထိ သတင်းထောက် ၅၀ ခန့် သူတို့ရဲ့ အလုပ်ကြောင့် ဖမ်းဆီးအကျဉ်းချခံထားရသကဲ့သို့ လွတ်လပ်သည့် မီဒီယာအများစုသည်လည်း နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့ကြရသည်ဟု ဆိုသည်။

RSF အဖွဲ့၏  ၂၀၂၅ ခုနှစ် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းအရ မြန်မာနိုင်ငံက ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၆၉ မှာ ရပ်တည်နေပြီး တရုတ်နိုင်ငံပြီးပါက ကမ္ဘာ့ဒုတိယအမြင့်ဆုံး သတင်းထောက်တွေကို ဖမ်းဆီးထောင်ချသည့် နိုင်ငံအဖြစ် ရှိနေပါသည်။ 

DVB သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း (ခ) ဖိုးသီဟကိုလည်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင်  ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က သူ၏ နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ပြီးနောက် အကျဉ်းသား ၇ ဦးနှင့်အတူ မြေမြှုပ်သတ်ပစ်ခဲ့သည်။

နိဂုံးချုပ် 

မြို့နယ် ၁၇ ခုရှိသော ရခိုင်ဒေသတွင် ကြီးမားသော နယ်မြေဒေသကို ထိန်းချုပ်ထားသည့် ULA/AA အနေဖြင့် ၎င်းတို့ ထူထောင်နေသော အုပ်ချုပ်ရေးစနစ် အမှန်တကယ် ပွင့်လင်းမြင်သာပြီး အများ ယုံကြည်ရစေရန် သတင်းသမားများအတွက် တရားဝင် မူဝါဒနှင့် သတင်းရယူခွင့် လမ်းညွှန်ချက်များကို အတိအလင်း ချပြရန် လိုအပ်နေသည်။ 

အဘယ်ကြောင့်ဆိုသော် ဌာနဆိုင်ရာများ၏ အလွဲသုံးစားပြုမှုနှင့် ဝန်ဆောင်မှု ပျက်ကွက်မှုများကို ဖော်ထုတ်နိုင်ရေးသည် သတင်းသမားများ၏ တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ စစ်မှန်သော အုပ်ချုပ်ရေး ယန္တရားကို အထောက်အပံ့ပြုနေခြင်းလည်း ဖြစ်သည်။

ရခိုင်သတင်းသမားများသည် သတင်းအမှောင်ထုကြားတွင် အရေးပါဆုံးသော မီးရှူးတန်ဆောင်များ ဖြစ်သော်လည်း ‘နာမည်ကြီး ထမင်းငတ်’ ဆိုသည့် ဘဝဖြင့် လည်ပတ်နေကြရသည်။ 

ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ အသက်အန္တရာယ်နှင့် စားဝတ်နေရေးကို ထည့်သွင်းစဉ်းစား၍ စံနှုန်းမီ သတင်းများ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်ချက်နှင့် ကိုက်ညီသော ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များနှင့် လေ့ကျင့်ရေးများကို ပေးအပ်ရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။

ရခိုင်ဒေသ၏ အဖြစ်မှန်ကို ကမ္ဘာက သိနိုင်ရန်နှင့် ဒေသခံလူထု၏ အကျိုးစီးပွားအတွက်၊ ကျင့်ဝတ် လိုက်နာပြီး ရဲရင့်သော သတင်းသမားများကို မီဒီယာနယ်ပယ်တွင် ဆက်လက် ရပ်တည်နိုင်အောင် ဝိုင်းဝန်းပံ့ပိုးရန် လိုအပ်နေခြင်းလည်း ဖြစ်သည်။ 

အောင်နီဝန်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013