DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းမြို့နယ်၌ မိုးရာသီစိုက်ဘဏ်ချေးငွေ ပြန်မတောင်းရန် ပကဖ သတိပေး
DVB
·
December 6, 2025
လက်ပံတန်းမြို့နယ်၌ မိုးရာသီစိုက်ဘဏ်ချေးငွေ ပြန်မတောင်းရန် ပကဖ သတိပေး
Donate to DVB

ပဲခူတိုင်း၊ လက်ပံတန်းမြို့နယ်မှာ တောင်သူတွေဆီကနေ မိုးရာသီ စိုက်ဘဏ်ချေးငွေတွေ ပြန်လည်မတောင်းခံဖို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (လက်ပံတန်းမြို့နယ် ပကဖ) က စိုက်ပျိုးရေးဘဏ်တာဝန်ရှိသူတွေကို သတိပေးထုတ်ပြန်ထားပါတယ်။

လက်ပံတန်းမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “တောင်သူတွေဘက်က စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်နိုင်ဖို့အခက်အခဲဖြစ်နေတာတွေကြောင့် ကျနော်တို့ဆီကို အကူအညီတောင်းလာလို့ အခုလို သတိပေးချက်ထုတ်ပြန်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေးဘဏ်ကနေ ပြီးခဲ့တဲ့မိုးကြိုကာလမှာ တောင်သူတွေဆီကို မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေတွေထုတ်ချေးပေးခဲ့ပြီးနောက် အခုအချိန်မှာပြန်လည်ပေးသွင်းဖို့ စစ်ကောင်စီလက်အောက်ခံတွေက အဓမ္မတောင်းခံနေတာလို့ ဆိုပါတယ်။

လက်ပံတန်းမြို့နယ် ပကဖ တာဝန်ရှိသူ ကိုအောင် က “အခု စပါးပေါ်ချိန်မှာ စိုက်ဘဏ်ဝန်ထမ်းတွေက စစ်သားနဲ့ရဲတွေ ခေါ်လာပြီး စိုက်ပျိုးစရိတ်ချေးငွေယူထားတဲ့ တောင်သူတွေဆီကို ဒီလထဲမှာအပြီးပြန်ဆပ်ဖို့ အတင်းအဓမ္မ လိုက်ပြီးတောင်းနေတယ်။ စပါးစိုက်တောင်သူအနေနဲ့က ပြီးခဲ့တဲ့မိုးရာသီမှာ မိုးကြီးပြီးတော့ ရေကြီးရေလျှံတာတွေ ဖြစ်ကုန်​လို့ စပါးခင်းတွေပျက်စီးကြတာ မနည်းဘူး။ အဲဒါကြောင့် ထင်ထားသလောက် စပါးတွေမရကြဘူး။ နောက်ပြီးတော့ လုပ်သားခတွေ၊ ဓာတ်မြေဩဇာ၊ အားဆေးနဲ့ ပိုးသတ်ဆေးတွေကလည်း စျေးအဆမတန်တက်နေတယ်။ အခုချိန်မှာက စပါးစျေးကလည်း အရမ်းထိုးကျနေတော့ စပါးစိုက်တောင်သူတချို့မှာ အရှုံးပေါ်နေကြတယ်လို့ သိရတယ်။ အဲဒါတွေကြောင့်မို့လို့ အခုလိုထုတ်ပြန်ရတာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

စိုက်ပျိုးရေးဘဏ်က ဝန်ထမ်းတွေနဲ့ စိုက်ပျိုးစရိတ်ထုတ်ချေးရေး ရပ်ကျေးတာဝန်ခံတွေ အနေနဲ့လည်း တောင်သူတွေရဲ့အခက်အခဲတွေကို နားလည်ပေးနိုင်ဖို့မျှော်လင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

လက်ပံတန်းမြို့နယ်က စိုက်ပျိုးရေးဘဏ်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီလက်​ခံတွေအနေနဲ့ အခုထုတ်ပြန်ချက်ကိုလိုက်နာမှု ရှိ၊ မရှိ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး လိုက်နာမှုမရှိခဲ့ရင် အရေးယူတာတွေဆက်လက်​လုပ်ဆောင်သွားမယ်လို့လည်း လက်ပံတန်းမြို့နယ် ပကဖ က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013