
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်အာဏာရှင်လက်အောက်ခံ ဆည်မြောင်းဌာနက ဝန်ထမ်း အမျိုးသားတယောက်ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်အသွယ် ပြတ်နေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
အသက် ၄၀ ကျော်အရွယ် ဦးတင်နိုင်စိုးဟာ သြဂုတ် ၁၆ ရက် မနက်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်င်ခံရတာဖြစ်ပြီး သြဂုတ် ၂၁ ရက်အထိ အဆက်အသွယ် ပြတ်နေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
အဖမ်းခံရတဲ့သူနဲ့ နီးစပ်သူတယောက်က “ဦးတင်နိုင်စိုးက လက်ပံတန်းမြို့နယ်ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဝန်ထမ်းပါ။ သူ့ကိုလက်နက်ကိုင်အဖွဲ့ကလာပြီး ဖမ်းဆီး ခေါ်ဆောင် သွားတာလို့သိရတယ်။ ဒီနေ့အထိ အဆက်သွယ်ပြတ်နေတယ်” လို့ ပြောပါတယ်။
ဦးတင်နိုင်စိုးကို အမည်မသိလက်နက်ကိုင် ၃ ယောက်က စက်လှေ ၁ စီးနဲ့ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ရဲတွေက အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေတယ်လို့ သိရပြီး ဒေသတွင်း တော်လှန်ရေးတပ်တွေဘက်က သတင်းထုတ်ပြန်ထားတာမရှိပါဘူး။











