
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ်သတင်းပေး Non CDM ဝန်ထမ်းတယောက် သြဂုတ် ၁၆ ရက်မှာ အရှင်ဖမ်းမိခဲ့ပြီး စစ်ဆေးနေစဥ် သြဂုတ် ၁၈ ရက် ညပိုင်းမှာ ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးစဥ် သေဆုံးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။
သာယာဝတီခရိုင် တပ်ရင်းရဲ့ တာဝန်ခံတယောက်က “အဲဒီ စစ်တပ်သတင်းပေး Non CDM ဝန်ထမ်း ကို လက်ပံတန်းမြို့နယ် ပကဖ က ၁၆ ရက်နေ့မှာ ဖမ်းသွားတာ။ သူတို့ စစ်ဆေးနေရင်း ၁၈ ရက်နေ့ ညပိုင်းမှာ ထွက်ပြေးလို့ ပစ်လိုက်တာ သေသွားတယ်လို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
အဆိုပါ Non CDM ဝန်ထမ်းဟာ လက်ပံတန်းမြို့နယ်၊ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက အသက် ၄၃ နှစ်အရွယ် ကိုတင်နိုင်စိုးဖြစ်ပြီး လက်ပံတန်းမြို့နယ် မှော်အင်းကျေးရွာ ကျီးပင်ကုန်းထိပ်မှာ နေထိုင်သူဖြစ်ပါတယ်။
ကိုတင်နိုင်စိုးဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတည်နေရာတွေအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စစ်တပ်ထံ သတင်းပေးပို့နေတာဖြစ်လို့ သူ့ရဲ့နေအိမ်ကနေ သြဂုတ် ၁၆ ရက်မှာ ဖမ်းဆီးလာပြီး အရေးယူ ဆောင်ရွက်ထားတယ်လို့ လက်ပံတန်းမြို့နယ် ပကဖ က သြဂုတ် ၂၂ ရက်မှာ လူမှုကွန်ရက် စာမျက်နှာကနေ စစ်ဆေးနေတဲ့ရုပ်သံနဲ့တကွ ထုတ်ပြန် ထားပါတယ်။
ဖမ်းဆီးခံရသူ Non CDM ဝန်ထမ်း ကိုတင်နိုင်စိုးက “ကျနော်က သာယာကုန်းရဲကင်းနဲ့ အဆက်အဆံရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သွားလာလှုပ်ရှားမှု သတင်းတွေကို ၄ ခါ သတင်းပေးဖူးပါတယ်။ သာယာကုန်းရဲကင်းက ပြည်သူ့စစ် စိုးကြီးနဲ့ နောက်တယောက်ဆီကို သတင်းပို့ပေးရတာပါ။ တော်လှန်ရေးအဖွဲ့တွေဘက်က အလှူခံလာတာကိုလည်း သာယာကုန်း ရဲကင်းဆီကို သတင်း တခါပေးဖူးပါတယ်”လို့ လက်ပံတန်းမြို့နယ် ပကဖရဲ့ ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာ ဝန်ခံထွက်ဆိုထားတာပါ။
Non CDM ဝန်ထမ်း ကိုတင်နိုင်စိုးကို စစ်ဆေးနေစဥ် ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးစဥ် သေဆုံးသွားတဲ့ အခြေအနေကိုတော့ လက်ပံတန်းမြို့နယ် ပကဖက သြဂုတ် ၂၄ ရက် ညပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ လက်ပံတန်းမြို့နယ် ပကဖ တာဝန်ခံ ကိုစနေ ဆီကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။











