
ပဲခူးတိုင်း လက်ပံတန်းမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ စက်တင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီက ၁၁ တန်းကျောင်းသားက ကျောင်းသူတယောက်ကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နေ့လယ် မုန့်စားဆင်းချိန်မှာ ကျောင်းသားတယောက်က နေအိမ်ကနေ အသင့်ယူဆောင်လာတဲ့ ဓားနဲ့ ၁၁ တန်းကျောင်းသူ မတွယ်တာဝေအား ထိုးသတ်ခဲ့တာလို့ ပညာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“စာသင်ခန်းထဲထိဝင်ပြီး လည်ပင်းကို ဓားနဲ့ထိုးသွားတာ၊ ၃ ချက်လောက်ရှိတယ်၊ ဆေရုံပို့ချိန်တောင်မရဘူး၊ ကျောင်းဝင်းထဲမှာပဲ သေသွားတယ်။ ထိုးတဲ့ကျောင်းသား ထွက်ပြေးနေတယ်။”
သေဆုံးသူ အသက် ၁၇ နှစ်အရွယ်ရှိ ၁၁ တန်းကျောင်းသူ မတွယ်တာဝေရဲ့ ရုပ်အလောင်းကို စက်တင်ဘာ ၆ ရက်က ရွာသုသာန်မှ သင်္ဂြိုဟ်လိုက်တယ်လို့ သူက ဆိုပါတယ်။
ဓားနဲ့ထိုးသတ်သွားတဲ့ ၁၁ တန်းကျောင်းသားကလည်း အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှာ ကျောင်းတက်နေသူဖြစ်ပြီး ဖမ်းမမိသေးဘူးလို့ ကျောင်းသားမိဘတယောက်က DVB ကို ပြောပါတယ်။
“အဲဒီသတင်းကြားပြီး ကလေးတွေ ကျောင်းလွှတ်ရမှာတောင် ကြောက်နေတယ်။ ဘယ်နေ့ ဘယ်သူနဲ့ ရန်ဖြစ်မလဲဆိုပြီး စိုးရိမ်နေရတယ်။ ကျောင်းမှာ ရန်ဖြစ်မှာပူရ၊ ပေါ်တာဆွဲခံရမှာ ကြောက်ရနဲ့ စိတ်သောက အရမ်းရောက်တာ။”
လတ်တလောမှာ ပြစ်မှုကျူးလွန်သူကို လက်ပံတန်းမြို့နယ်ရဲစခန်းက ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၃ ရက် မွန်းလွဲ ၁၂ နာရီကလည်း မန္တလေးတိုင်း အမရပူရမြို့နယ် ယာဥ်တော်စံကျေးရွာရှိ မူလတန်းလွန်ကျောင်းမှာ ၆ တန်းကျောင်းသားတယောက်က ဓားနဲ့ထိုးသတ်ခဲ့လို့ အတန်းဖော် ကျောင်းသားတယောက် သေဆုံးခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပညာရေးစနစ် အဘက်ဘက်က နိမ့်ကျသွားပြီး ကျောင်းအတွင်း မူးယစ်ဆေးဝါးသုံးစွဲတာ၊ အရက်သောက်တာ၊ အုပ်စုဖွဲ့ အနိုင်ကျင့် ထိုးကြိတ်တာတွေကြောင့် ကျောင်းဝင်းအတွင်း သေဆုံးခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ ရှိပါတယ်။











