
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ ဇွန် ၁၀ ရက်နေ့ ညဦးပိုင်းက အမျိုးသမီးတွေ အပါအဝင် ပြည်သူ ၅ ယောက် နေအိမ်အတွင်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ပံတန်းမြို့နယ် ရေနောက်ရွာဟောင်းက တအိမ်တည်းနေ လင်မယားတွေဖြစ်တဲ့ အသက် ၅၀ အရွယ် ဦးလွန်းခိုင် နဲ့ ဒေါ်မိချို၊ ဦးတင်သိန်း နဲ့ ဒေါ်ခင်ဦး၊ အသက် ၆၀ လောက်ရှိတဲ့ ဒေါ်အေးမြင့်တို့ ၅ ယောက် ပစ်သတ်ခံခဲ့ရတာလို့ လက်ပံတန်းမြို့နယ် လူမှုကူညီရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ဦးလွန်းခိုင် နဲ့ ဒေါ်မိချိုတို့က အိမ်တအိမ်၊ ဦးတင်သိန်း နဲ့ ဒေါ်ခင်ဦးတို့က အိမ်တအိမ်၊ ဒေါ်အေးမြင့် က အိမ်တအိမ်ပါ။ သူတို့အိမ်တွေကို လက်နက်ကိုင်ထားတဲ့ ၄၊ ၅ ယောက်က တအိမ်စီ ဝင်ပစ်သွားကြတယ်ဆိုတာ ရွာခံတွေ ပြောပြကြတာပေါ့နော်” လို့ ပြောပါတယ်။
သေဆုံးသွားကြသူတွေနဲ့ ရုပ်အလောင်းတွေကို အဆိုပါ ရေနောက်ရွာဟောင်းသုသာန်မှာ ဇွန် ၁၁ ရက်နေ့ ညနေပိုင်းက သင်္ဂြိုဟ်လိုက်ကြတယ်လို့လည်း ဆိုပါတယ်။
အဆိုပါပစ်ခတ်ခံရသူတွေဟာ လက်လုပ်လက်စား သာမန်ပြည်သူတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။
သာယာဝတီခရိုင်အတွင်း တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တပ်ရင်းမှူးတယောက်က “လက်နက်ကိုင်အဖွဲ့တွေ ဝင်ပစ်သွားတယ် ဆိုတာတော့ ကြားပါတယ်။ စစ်တပ်ဘက်ကလား၊ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလား ဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးဘူး။ လက်ပံတန်းမြို့နယ်ဆိုတာ သာယာဝတီခရိုင်ထဲကပါ။ ဒီ သာယာဝတီခရိုင်ထဲမှာ အခြေစိုက်ကြတဲ့ ကျနော်တို့တွေ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဆက်စပ်တဲ့အဖွဲ့တွေ မရှိဘူးလို့တော့ သိရတယ်။ တကယ်အမှုမှန်ပေါ်ပေါက်ဖို့အတွက် လူကြီးတွေတော့ စုံစမ်းတာတွေ ပြုလုပ်နေကြပါတယ်” လို့ DVB ကို ပြောပါတယ်။
လက်ပံတန်းမြို့ပေါ်က စစ်တပ်လက်အောက်ခံ လက်နက်ကိုင် ပြည်သူ့စစ်တွေနဲ့ ပျူစောထီးတွေဟာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ မကြာခဏပြုလုပ်နေသလို အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ ပုံရိပ်ကျဆင်းအောင် အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ကြတာလို့ သာယာဝတီခရိုင်အတွင်း အခြေစိုက်ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က သုံးသပ်ပြောဆိုနေကြပါတယ်။










