
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာမှာ စစ်အာဏာရှင်တပ်က အရပ်သား ၁ ယောက်ကို ပစ်သတ်ပြီး ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာထဲကို အောက်တိုဘာ ၃ ရက် ညနေမှာ စစ်ကြောင်းနဲ့ဝင်လာတဲ့ စစ်အာဏာရှင်တပ်က အရပ်သားတွေကို တော်လှန်ရေးတပ်သားတွေလို့ စွပ်စွဲပြီး လိုက်လံပစ်ခတ်ဖမ်းဆီးတာကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၃ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတယောက်က “အရပ်သားတွေကို တော်လှန်ရေးအဖွဲ့တွေဆိုပြီး လိုက်ဖမ်းတာ။ ကြောက်လို့ ထွက်ပြေးတာ။ ထွက်ပြေးလို့ဆိုပြီး ပစ်တာ။ ပစ်ခံရလို့ တယောက်က ပွဲချင်းပြီး သေသွားတယ်” လို့ ပြောပါတယ်။
ပစ်သတ်ခံရလို့ သေဆုံးသူဟာ အသက် ၃၀ ကျော်အရွယ် ကိုသားကြီးဖြစ်ပြီး ဖမ်းဆီးခံရသူ ၃ ယောက်ဟာ ကိုကျော်ဇင်၊ ကိုမင်းနိုင်နဲ့ ကိုဝဏ္ဏတို့ဖြစ်ကာ ဒေသခံအရပ်သားတွေဖြစ်ပြီး တော်လှန်ရေးတပ်သားတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ယောက်က “သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေက အရပ်သားတွေဆိုတာ သေချာပါတယ်။ ပစ်ခတ်ခံရသူနဲ့ အဖမ်းခံရသူတွေက အားလုံး သဲဖြူရွာကလို့ သိရတယ်” လို့ ပြောပါတယ်။
ပစ်သတ်ခံရသူရဲ့ ရုပ်အလောင်းကို စစ်အာဏာရှင်တပ်သားတွေက သယ်ယူသွားပြီး ဖမ်းဆီးခံရသူ ၃ ယောက်ကိုလည်း ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာ စုံစမ်းမရသေးဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။
သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာဟာ လတ်တလော တော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသအတွင်းမှာရှိပြီး တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်တပ်က သာပေါင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်တာ၊ အရပ်သားတွေကို ဖမ်းဆီးတာနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။










