
ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေ ဖာပွန်မြို့နဲ့ မိုင် ၂၀ လောက်သာလိုတော့တဲ့ ဆင်စွယ်ကျေးရွာအနီးကနေ ရှေ့ဆက်မတိုးနိုင်လို့ လေကြောင်းပစ်ကူ အလွန်အကျွံသုံးနေရတယ်လို့ တပ်မဟာ ၅၊ မူတြော်ခရိုင်(ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က ပြောပါတယ်။
စစ်တပ်က ပြီးခဲ့တဲ့ မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာမကျရေး၊ ဖာပွန်မြို့နဲ့ တပ်စခန်းတွေပြန်လည်ရရှိရေး စစ်ကြောင်း ၂ ကြောင်းခွဲပြီး ကမမောင်း- ဖာပွန်လမ်းမကြီး အရှေ့နဲ့အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာပါ။
စစ်တပ်စစ်ကြောင်းတွေ ၅ လကျော်ကြာလာတဲ့အထိ ဖာပွန်မြို့နဲ့ မိုင် ၂၀ လောက်သာလိုတော့တဲ့ (ထီးချောင်းမဲ) ဆင်စွယ်ကျေးရွာအနီးတဝိုက်ကိုပဲ ရောက်ရှိပါသေးတယ်။
တဖက်မှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ရှေ့ဆက်တိုးနိုင်ဖို့ လေကြောင်းပစ်ကူ အလွန်အကျွံ သုံးနေရတယ်လို့ KNLA တပ်မဟာ ၅၊ မူတြော်ခရိုင်(ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က DVB ကို ပြောပါတယ်။
“အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကတော့ (ထီးချောင်းမဲ) ဆင်စွယ်အနီးအနားတဝိုက်ပဲ ဟိုတွန်း ဒီတွန်းပေါ့။ သိသိသာသာ နောက်ထပ်တနေရာ ရောက်တဲ့ဟာမျိုးမဟုတ်သေးဘူး။ လေကြောင်းဗုံးကြဲတာ လက်နက်ကြီးပစ်တာကတော့ သူတို့က မြေပြင်ခြေလျင်တပ်တွေကို အားကိုးလို့မရတော့တဲ့အခါကျတော့ ပိုဆိုးလာတယ်။ အကုန်ပစ်တာ။ ဆိုးတာက သူတို့ရဲ့ ရန်သူရှိတဲ့နေရာ ပစ်တာမဟုတ်တဲ့အခါကျတော့ ပိုဆိုးတာပေါ့။ ဒေသခံကျေးရွာတွေ တနေရာပြီး တနေရာ ပိုပြီးတော့ ပစ်တာပေါ့။ အဲလိုပဲ ပစ်တဲ့အခါကျတော့လည်း ဒီမှာ ပြည်သူလူထုတွေက ပိုဒုက္ခရောက်တယ်။”
ဒါအပြင် အောက်တိုဘာ ၂၀ ရက် မနက် ၁၀ နာရီခွဲလောက်ကစပြီး စစ်တပ်ရဲ့ လက်ကျန် ဖာပွန်ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ဗုံးကြဲပြီး ဝင်ရောက်တိုက်ခိုက်နေပါတယ်။
စစ်တပ်ဘက်က ဖာပွန်ဗျူဟာမကျရေး မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကနေ ပစ်ကူပေး ဗုံး ကြဲနေပါတယ်။ အာဏာရှင်စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူကလွဲရင် ခြေလျင် ခြေမြန်တပ်တွေရဲ့ စစ်ရေးစွမ်းရည် ပြိုလဲနေပြီလို့ ကရင်စစ်ရေးလေ့လာသူက ပြောပါတယ်။
“လက်ရှိက တပ်မဟာ ၅ နဲ့ပတ်သက်ပြီးတော့ စကမဘက်က ရှေ့တိုးမပေါက်တဲ့ အကြောင်းအရင်းကတော့ လက်ရှိ KNU ရဲ့ စစ်ရေးဗျူဟာကလည်း အင်မတန် ကောင်းတယ်လို့ ဆိုရမယ်။ အတွေ့အကြုံရှိတဲ့ အရာရှိတွေ ဦးဆောင်ပြီး အကောင်အထည်ဖော် စီမံခန့်ခွဲနေတာရယ်၊ မြေပြင်မှာရှိတဲ့ တပ်သားတွေရဲ့ အမိန့်နာခံမှုနဲ့ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း အမြင့်ဆုံးအနေအထားမှာ ရှိနေတာတွေကြောင့် တဖက်က စကမဘက်က စစ်ကြောင်းထိုးမပေါက်ဘူး ဆိုတဲ့ အနေအထားမျိုး ရှိတယ်။ စကမဘက်က အားသာချက်က လေယာဉ်တွေနဲ့ ပစ်မယ်၊ လက်နက်ကြီးတွေနဲ့ ပစ်မယ် ဒီလောက်ပဲ။ ဒီမြေပြင်မှာ ခြေလျင်၊ ခြေမြန်တပ်တွေအနေနဲ့ကတော့ စည်းလုံးညီညွတ်မှုတွေ၊ စစ်ရေးစွမ်းရည် စည်းရုံးရေးစွမ်းရည်တွေ ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေက ရှင်းရှင်းပြောရရင် ပြိုလဲနေပြီ။ ရှေ့ဆက်သွားရင်တော့ စကမဘက်က လဲပြိုဖို့ပဲ ရှိတယ်။”
အောက်တိုဘာ ၁၉ ရက် မနက် ၅ နာရီကျော်က ဒွယ်လိုးမြို့နယ်၊ ကမမောင်း-ဖာပွန်ကားလမ်း၊ ဝါးသိုခိုကျေးရွာအနီးမှာ စစ်တပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေကို ဘားအံမြို့ တောင်ကလေး စစ်ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။











