
အက်စ်တိုးနီးယားနိုင်ငံဟာ ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအာမခံချက်တွေပေးမဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တခုထဲမှာ ပါဝင်တယ်ဆိုရင် ယူကရိန်းကို အက်စ်တိုးနီးယားတပ်ဖွဲ့တွေ စေလွှတ်ပေးမှာဖြစ်ကြောင်း အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီး မာဂတ်စ် ဆာ့ခ်နာက ဒီဇင်ဘာ ၃ ရက် ဘရပ်ဆဲလ်မှာ ကျင်းပမယ့် NATO အစည်းအဝေး မတိုင်ခင်မှာ ပြောပါတယ်။
“အက်စ်တိုးနီးယားရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ယူကရိန်းရဲ့ ရပ်တည်ချက်နဲ့ အနာဂတ်က NATO အဖွဲ့ဝင် ဖြစ်လာမှာပေမဲ့ အခုချက်ချင်းတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့အတူ လုံခြုံရေးအာမခံချက်ပေးဖို့ ဆန္ဒရှိတဲ့ ညွန့်ပေါင်းအဖွဲ့အနေနဲ့ ဆုံးဖြတ်ရမှာပါ။ ဆိုလိုတာက ဥရောပက ဒီကိစ္စထဲမှာ ပါဝင်ရမှာပါ။ ယူကရိန်းမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် ဥရောပကိုလည်း လုံခြုံအောင် လုပ်နေတာကို ကျနော်တို့ နားလည်ရပါမယ်” လို့ မာဂတ်စ် ဆာ့ခ်နာက ပြောပါတယ်။
NATO နိုင်ငံခြားရေးဝန်ကြီးတွေဟာ မဟာမိတ်အဖွဲ့ရဲ့ ဦးစားပေးကိစ္စတွေနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အထူးသဖြင့် ယူကရိန်းစစ်ပွဲကို ဆွေးနွေးဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ ဘရပ်ဆဲလ်မြို့ရှိ မဟာမိတ်အဖွဲ့ရဲ့ ဌာနချုပ်မှာ စုဝေးခဲ့ကြပါတယ်။
အစည်းအဝေးကို တက်ရောက်လာတဲ့ လတ်ဗီးယား နိုင်ငံခြားရေးဝန်ကြီး ဘိုင်ဘာ ဘရပ်ဇေက “စစ်ပွဲမှာ အနိုင်မရခဲ့တဲ့ရလဒ်တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေတဆင့် ပြန်ရယူဖို့ ဘယ်သူမှ မမျှော်လင့်နေပါနဲ့” လို့ ပြောကြားခဲ့ပါတယ်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီး အက်စ်ပန် ဘာ့သ် အိုက်ဒါ့က အမေရိကန်က ဝယ်ယူထားတဲ့ လက်နက်တွေနဲ့ ကိယက်ဗ်ကို ထောက်ပံ့ပေးဖို့ NATO အစီအစဉ်ကတဆင့် ယူကရိန်းအတွက် လက်နက်တွေဝယ်ယူဖို့အတွက် ယူရို သန်း ၅၀၀ (ဒေါ်လာ ၅၈၂ ဒသမ ၁၅ သန်း) ကတိပြုခဲ့ပါတယ်။
Source: Reuters











