
ရုရှားနယ်စပ်အနီး အက်စ်တိုးနီးယားနိုင်ငံအရှေ့ပိုင်းက ကျောင်းတွေဟာ အပြင်မှာ ပေါက်ကွဲမှုတွေ ဖြစ်လာရင် ကလေးတွေကို ဗုံးစနဲ့ မှန်ကွဲစတွေ ရန်ကနေ ကာကွယ်ဖို့ ပြတင်းပေါက်တွေကို ကာကွယ်ရေး ဖလင်တိပ်တွေ ကပ်နေကြပါတယ်။
ဒီနှစ်ထဲမှာ ရုရှားနိုင်ငံအတွင်းက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ သွားတဲ့ ယူကရိန်းရဲ့ လမ်းလွဲလာတဲ့ ဗုံးတပ် ဒရုန်းတွေ အက်စ်တိုးနီးယားနိုင်ငံထဲကို ခဏခဏ ရောက်လာခဲ့တာကြောင့် နယ်စပ်နဲ့ ၄၅ ကီလိုမီတာအကွာမှာရှိတဲ့ တာတူးမြို့က ကျောင်းတွေဟာ ဒရုန်းတွေကိုတွေ့ရင် ကလေးတွေကို ဘေးကင်းအောင် ခိုလှုံစေဖို့ ပြင်ဆင်နေတာပါ။
တာတူးမြို့ရဲ့ ဒုမြို့တော်ဝန် မာတင်ဘက်ခ်က "မီတာ ၁၀၀ ပတ်လည်အတွင်း ပေါက်ကွဲမှု ဖြစ်ခဲ့ရင် တောင် ဒီဖလင်တိပ်တွေဟာ ပြတင်းပေါက် မှန်ကွဲစတွေကြောင့် ကာကွယ်ရေးဧရိယာထဲမှာ ခိုလှုံ နေသူတွေကို ထိခိုက်ဒဏ်ရာ မရအောင် တားဆီးပေးနိုင်မှာပါ။ မှန်ကွဲစအန္တရာယ်ဟာ အဓိက ပြဿနာဆိုတာကို ယူကရိန်းက မိတ်ဆွေတွေဆီကနေ သိခဲ့ရပါတယ်" လို့ ပြောပါတယ်။
တာတူး ကီဗီလင်းနား ကျောင်းအုပ်ဆရာမကြီး ကာရင်လုခ်ကလည်း ဒရုန်းတွေ စရောက် လာချိန်တုန်းက ဘာလုပ်ရမှန်း ဝန်ထမ်းတွေ မသိခဲ့ကြလို့ အတော်လေး ကြောက်လန့်ခဲ့ရပေမဲ့ အခုအခါမှာတော့ သက်ဆိုင်ရာ စီမံချက်တွေ ရှိနေပြီး ကျောင်းအနေနဲ့ စနစ်တကျ ပြင်ဆင် ထားပါတယ်လို့ ပြောပြပါတယ်။
အဲဒီအထဲမှာ ဘေးကင်းတဲ့ နေရာတွေကို ရွှေ့ပြောင်းနိုင်မဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ လမ်းကြောင်း တွေနဲ့ အချိန်အကြာကြီး ခိုလှုံနိုင်ဖို့ ရိက္ခာတွေ စုဆောင်းထားတာတွေ ပါဝင်ပါတယ်။
ဘေးလွတ်ရာ ခိုလှုံနိုင်မဲ့အခန်းတွေကို သတ်မှတ်ထားပြီး အထပ်အသီးသီးက ကလေးတွေကိုလည်း ဘယ်လို အစဉ်လိုက် ရွှေ့ပြောင်းမယ်ဆိုတဲ့ အစီအစဉ်တွေကို ပုံဆွဲပြပြီး သင်ကြားထားပါတယ်။
ဒါ့အပြင် အဲဒီအခန်းတွေထဲမှာ ၂ နာရီကနေ ၄ နာရီအထိ ခိုလှုံနေရနိုင်တာကြောင့် ရှေးဦး သူနာပြု ပစ္စည်းတွေ၊ အိမ်သာသုံး စက္ကူနဲ့ လက်အိတ်တွေစတဲ့ လိုအပ်မဲ့ပစ္စည်းတွေကို ဘီရိုတွေထဲမှာ ကြိုတင်စုဆောင်းထားတယ်လို့လည်း ဆိုပါတယ်။
ကျောင်းသားမိခင် အိုင်ရင်ထရိုင်းမန်းကိဗက်စတီကတော့ "အခုလို ကမ္ဘာကြီးရဲ့ အခြေအနေအရ ကာကွယ်မှုတွေ ရှိထားဖို့ လိုအပ်နေချိန်မှာ ကျောင်းက ဘာမှမလုပ်ပေးဘဲ မနေတာကို ဝမ်းသာ ပါတယ်။ ကလေးတွေအနေနဲ့ ဒရုန်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဘာလုပ် ရမယ် ဆိုတာ သိထားတာမို့ ပိုပြီး စိတ်အေးရပါတယ်" လို့ ပြောပါတယ်။
ဒီကြိုတင်ပြင်ဆင်မှု စီမံချက်တွေဟာ တာတူးမြို့မှာရှိတဲ့ ကျောင်းပေါင်း ၃၀ နဲ့ မူလတန်းကြိုကျောင်း ၃၈ ကျောင်းတွေကို အကျုံးဝင်ပါတယ်။
Source:Reuters











